နေပြည်တော် ၅ ဩဂုတ်
သတ္တမအကြိမ် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း (RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း (ABSDF)၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း (ALP)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း (CNF)၊ ဆလိုင်းထလာဟေး(CNF)၊ စောစိန်ဝင်း (DKBA)၊ ပဒိုစောအယ်ကလူစေး (KNU)၊ စောကျော်ညွန့် (KNLA-PC)၊ ကြာဆော်လမွန် (LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း (PNU) နှင့် ဒေါက်တာစိုင်းဦး (RCSS/SSA) တို့ တက်ရောက်ကြသည်။
ယနေ့အစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်အဆိုပြုချက်များ၊ NCA အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်ထည်ဖော်မှုများနှင့် အခြေခံမူသဘောတူညီချက်များ ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နှစ်ရက်တာကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှ ချန်ထားခဲ့သည့် အချက်များကို ဆက်လက်ညှိနှိုင်းပြီး သဘောတူညီချက်များ ထပ်မံရရှိခဲ့ခြင်းသည် အားလုံး၏ ကြိုးပမ်းအားထုတ်မှုပင် ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ၏ အပိုင်း(၁) ဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၄) ချက်အား သဘောတူညီခဲ့ကြပါကြောင်း၊ အပိုင်း(၂)ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများပါ အချက်များအားလုံးကို အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
အပိုင်း (၃) တွင်ပါရှိသည့် ဖက်ဒရယ်အခြေခံမူတစ်ချို့ကို သဘောတူညီနိုင်ခဲ့ပါကြောင်း၊ သဘောမတူနိုင်သေးသည့် အချက်များကို ဆက်လက် ဆွေးနွေးရန် သယ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသည် အားလုံးအတွက် သတင်းကောင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ NCA လက်မှတ်မရေးထိုးသေးသည့် ညီနောင် EAO များကို ညီလာခံတက်ရောက် ရန်ဖိတ်ကြားရေး၊ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါကြောင်း။
ထို့အတူ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ပုံစံ(Format)ကို ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားရန် ရေးဆွဲရေးအလုပ်အဖွဲ့ကို တာဝန်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို နှစ်ဖက်အလုပ်အဖွဲ့များက သက်ဆိုင်ရာ ခေါင်းဆောင်များထံ တင်ပြပြီး အတည်ပြုချက်ရယူရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည့် JICM အစည်းအဝေးပြင်ဆင်ရေးအစည်းအဝေးတွင် ရလဒ်ကောင်းရရှိရန် ဆက်လက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဉက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့၏ ယခု သတ္တမအကြိမ် နှစ်ရက်တာအစည်းအဝေးတွင် နှစ်ဖက်၏ သဘောထားများကို ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေးတင်ပြနိုင်ခဲ့ကြပါကြောင်း၊ တချို့အချက်များ အတည်မပြုနိုင်သေးသော်လည်း JICM အစည်းအဝေးမတိုင်မီနှင့် JICM အစည်းအဝေးများတွင် အတည်ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုနှစ်ရက်တာ အစည်းအဝေး၌ သဘောတူညီချက်တစ်ချက် ထပ်မံရရှိခဲ့ပါကြောင်း၊ အလားတူ ဇယား (၂) ကိစ္စ၌ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်ကိစ္စနှင့် တချို့ကိစ္စများသည် သဘောတူညီနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိုလည်း EAO များအနေဖြင့် PPST အစည်းအဝေးတွင် တင်ပြပြီး ဆက်လက်ကြိုးပမ်းပေးပြီး ရလဒ်ကောင်းများ ရရှိအောင်ဆောင်ရွက်ပေးမည်ဟု ပြောကြားသည့်အတွက် များစွာဝမ်းသာမိပါကြောင်း၊ မိမိတို့အလုပ်အဖွဲ့များအနေဖြင့် အလုပ်အဖွဲ့အစည်းအဝေးများတွင် စိတ်ရှည်နား လည်မှုများနှင့် ရလဒ်ကောင်းများရရှိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပါကြောင်း၊ ယင်းသို့ ကြိုးစားပေးခဲ့ကြသည့်အတွက် နှစ်ဖက်အဖွဲ့ဝင်များအားလုံး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသွားသည်။
သတင်း-မျိုးမြင့်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ-ထိုက်ကြီး