ရန်ကုန် ၁၄ စက်တင်ဘာ
ထင်ရှားကျော်ကြားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် နိုင်ငံပေါင်း (၃၁)နိုင်ငံမှ ကိုယ်စားလှယ်(၃၀ဝ) ခန့်နှင့်ပြည်တွင်းမှ ဆေးပညာရှင် (၄၀ဝ) ခန့်တက်ရောက်သော သတ္တမအကြိမ်မြောက် အာရှဒေသ ကာကွယ်ဆေးညီလာခံ (The 7th Asian Vaccine Conference) ကို ယနေ့နံနက်ပိုင်းတွင် Hotel Lotte ၌ ကျင်းပသည်။
ပထမဦးစွာ အာရှ-ပစိဖိတ်ဒေသ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့ (Immunization Partners of Asia Pacific- IPAP)၏ ဥက္ကဋ္ဌ Professor Emeritus Lulu Bravo က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ညီလာခံဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစောဝင်းက မိတ်ဆက်စကားများ ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤညီလာခံကြီးသည် ထင်ရှားကျော်ကြားသော နိုင်ငံတကာတက္ကသိုလ်အဖွဲ့ အစည်းများမှ သုတေသနသိပ္ပံပညာရှင်များ၊ ကာကွယ်ဆေးဆိုင်ရာ ပညာရှင်များ၊ ကလေးအထူးကုဆရာဝန်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာများ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကာကွယ်ဆေးနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများ၊ လုပ်ငန်းနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များစွာ ပါဝင်သော ထူးခြားသော ညီလာခံကြီးတစ်ခုဖြစ်ပါကြောင်း။
ကာကွယ်ဆေးနှင့်ပတ်သက်သော နည်းပညာနှင့် အသိပညာဆိုင်ရာ ဖြစ်ထွန်းတိုးတက် ပြောင်းလဲမှုများကို ဆွေးနွေးမျှဝေကြမည်ဖြစ်၍ တက်ရောက်လာသူ အားလုံးအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။
ဤညီလာခံကြီးနှင့်အတူ “အာရှနိုင်ငံများမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာများအစည်းအဝေး” နှင့် “ညီလာခံအကြိုအလုပ်ရုံဆွေးနွေးပွဲ” နှင့် “ကာကွယ်ဆေးဗေဒဆိုင်ရာ အဆင့်မြင့်သင်တန်း (Vaccinology Master Course) ကို ပူးတွဲကျင်းပရုံသာမက ပင်မညီလာခံကြီးတွင်လည်း နိုင်ငံပေါင်း (၁၅)ခုမှ ထင်ရှားကျော်ကြားသော ပညာရှင် (၅၅)ဦးက Plenary Lectures,Symposiaနှင့် Panel discussion များဖြင့် ဆွေးနွေးဟောပြောကြမည်ကို သိရှိရပါကြောင်း။
ယခုကဲ့သို့ အသိဉာဏ်ပညာဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးသို့ တက်ရောက်လာကြသူများအနေဖြင့် တတ်နိုင်သမျှ ကြိုးစားအားထုတ်လေ့လာကြပါရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံ ကလေးဆေးပညာအဖွဲ့ (Myanmar Paediatric Society)၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၊ ဆေးသုတေသနဦးစီးဌာနနှင့် ဆေးတက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် ဤညီလာခံသို့တက်ရောက်လာသော နိုင်ငံတက အဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ပညာရှင်များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
ကာကွယ်ဆေးဗေဒပညာနှင့် ကိုယ်ခံအားနှင့်ရောဂါပြီးစနစ်ဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်၍ ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေမှုအတိုင်းအတာကို ပြန်လည်သုံးသပ်၍ လိုအပ်ပါက အားဖြည့်သင်ကြားရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေး အတတ်ပညာနှင့် နည်းပညာဆိုင်ရာနိုင်ငံတကာ သင်တန်းများသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း။
ခိုင်မာအားကောင်သော ကမ္ဘာ့လူမှုအသိုင်းအဝန်ကြီးတစ်ခု ဖြစ်လာစေရေးအတွက် ကာကွယ်ဆေးပညာရှင်များ၊ ကိုယ်ခံအားနှင့်ရောဂါပြီး စနစ်ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များ၊ လူမှုကျင့်ဝတ်ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် ကျွန်တော်တို့အားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှ မူဝါဒချမှတ်သူများအနေဖြင့် ကာကွယ်ဆေးအသစ်များ စတင်ထည့်သွင်းထိုးနှံခြင်းဆိုင်ရာ မဟာဗျူဟာများ၊ ကာကွယ်ဆေးဆိုင်ရာ ဥပဒေနှင့်စည်းမျဉ်းများ၊ ကာကွယ်ဆေးများဝယ်ယူဖြန့်ဖြူးခြင်း၊ ဈေးနှုန်းအကဲဖြတ်ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေခွဲဝေ အသုံးပြုခြင်း၊ ကာကွယ်ရေးဆိုင်ရာမူဝါဒများ စသည်တို့ကို ဘက်စုံစဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ ဤကဲ့သို့မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် ဤညီလာခံတွင် တက်ရောက်လာသူ ပညာရှင်အမျိုးမျိုးမှ သင့်လျော်မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များကို ပေးအပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ဤကမ္ဘာပေါ်တွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှုနည်းပါး ကင်းစင်စေနိုင်သည့် အတိုင်းအတာအထိ လူထုတစ်ရပ်လုံးကို ရောဂါကူးစက်မှုမှ ကာကွယ်ခုခံနိုင်သော စွမ်းအားကို မြှင့်တင်ပေးနိုင်ရန် ကျွန်တော်တို့အားလုံး စုပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ပြောကြားသည်။
အဆိုပါညီလာခံကို Plenary Lectures ( ၅) ခု၊ Symposia (၇)ခု၊ Panel Discussion (၂)ခု၊ Industry Sponsored Symposia (၄)ခုတို့ပါဝင်ပြီး စက်တင်ဘာ (၁၃)ရက်မှ (၁၅)ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


