သတ္တမအကြိမ်မြောက် အမျိုသားသတင်းဆုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

နေပြည်တော် ၂ မေ

 


မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သတ္တမအကြိမ်မြောက် အမျိုသားသတင်းဆုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်အမှတ် (၁၅/၂၀၁၉) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 


အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် အမျိုးသားသတင်းဆု ချီးမြှင့်ပေးအပ်ပွဲအတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း သတင်းမီဒီယာများမှ ထုတ်ဝေခဲ့သည့် သတင်းစာ၊ ဂျာနယ်၊ ရုပ်သံသတင်းများမှ ကြိုက်နှစ်သက်သည့် စာမူ (၃)စုံနှင့် မိမိသဘောကျနှစ်ခြိုက်သူ၏ ရေးသားထုတ်လွှင့် ဖော်ပြချက်များကို Nomination ပြုလုပ်ကာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းသို့ ပေးပို့ပါရန် သက်ဆိုင်ရာသတင်းဌာနအသီးသီးသို့ ပေးပို့အကြောင်းကြားခဲ့ကြောင်း။

 


မြန်မာနိုင်ငံ သတင်းစာဆရာအသင်းအနေဖြင့် အမျိုးသားသတင်းဆု ပေးအပ်ချီးမြှင့်ရာတွင် ဆုရွေးချယ်ရေးအဖွဲ့ အနေဖြင့် သတ်မှတ်ထားသည့် စံနှုန်းများရှိရာ ပေးပို့ထားသော စာမူပုဒ်ရေပြည့်မီခြင်း မရှိသည်ကို တွေ့ရှိရကြောင်း။

 


သို့ပါ၍ ၂ဝ၁၉ ခုနှစ်၊ မေလ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ဆုချီးမြှင့်ပွဲ ပြုလုပ်ရန် လျာထားပြီးဖြစ်သော်လည်း ရွေးချယ်ပေးနိုင်မည့် ပုဒ်ရေပြည့်မီအောင် လက်ခံရရှိခြင်းမရှိသည့်အတွက် သတ္တမအကြိမ်မြောက်အဖြစ် ကျင်းပရန်ရှိသည့် အမျိုးသားသတင်းဆု ပေးအပ်ချီးမြှင့်ပွဲကို ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိပါကြောင်းနှင့် လာမည့်နှစ်များတွင် အမျိုးသားသတင်းဆု ပေးအပ်ချီးမြှင့်ပွဲကို နှစ်စဉ်ကျင်းပသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 


MDN