မန္တလေး ၁၄ စက်တင်ဘာ

ပညာရည်နိမ့်ပါးခြင်း၊ စီးပွားရေးမဖွံ့ဖြိုးခြင်း၊ စစ်ဖြစ်ပွားနေခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကူညီရာမဲ့ အခြေအနေများကို အကြောင်းပြု၍လည်း လူကုန်ကူးမှုများဖြစ်ပွားနိုင်ပြီး ပြည်သူလူထု အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေး မြို့တော်ခန်းမတွင် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြုလုပ်သော သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“လူကုန်ကူးမှု ဘာကြောင့်ဖြစ်တာလဲဆိုရင် အခြေခံအချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တာ၊ စီးပွားရေးမဖွံ့ဖြိုးဘူး၊ လူကုန်ကူးခံရတယ်၊ အမြတ်ထုတ်ခံရတယ်၊ စစ်ဖြစ်နေတဲ့နေရာတွေမှာ ကလေးတွေနဲ့ မိန်းကလေးတွေခံနေရတာ၊ ဒါကိုအကြောင်းပြုပြီး လူကုန်ကူးကြတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အချိန်မှာ တွယ်ရာမဲ့ကူရာမဲ့နေတဲ့အချိန်မှာ ပွဲစားတွေရဲ့ စည်းရုံးမှုကြောင့် အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုပြီး တခြားနိုင်ငံကို ပို့ခံရတယ်၊ ပညာရည်နိမ့်ပါးမှုဆိုတာကလည်း မပါမဖြစ်ပါလာတာ ဒီလိုအချက်အလက်တွေ သိနေပြီဆိုရင် ကာကွယ်ဖို့လိုတာပေါ့။ အရေးကြီးတာက ပြည်သူတွေထံ အသိပညာပေးနေရမှာ။ နားမလည်တဲ့သူတွေဆီကို နားလည်တဲ့သူတွေက အမြတ်ထုတ်ဖို့ ရောက်လာတာကို သတင်းပေးဖို့လိုပါတယ်။ အစိုးရတစ်ခုတည်းနဲ့ လုပ်လို့မရတဲ့လုပ်ငန်းတွေမှာ အားလုံးပူးပေါင်းဆောင်ရွက်ကြရမှာပါ”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀ဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ထိုနေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင် ကျင်းပခဲ့ရာတွင် ယနေ့၌ သတ္တမအကြိမ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများကြောင့် လူကုန်ကူးမှုများလည်း တစ်ပြိုင်တည်းပါလာနိုင်ကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ ယခင်က ပွဲစားများက နယ်စပ်မှတစ်ဆင့် လူကုန်ကူးကြသော်လည်း ယနေ့တွင် ပြည်တွင်း၌ ဆောင်ရွက်လာကြသည်ကို တွေ့ရသဖြင့် သတိထားကြရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လူကုန်ကူးအမှုပေါင်း ၁၉ မှု ဖော်ထုတ်အရေးယူခဲ့ပြီး တရားခံ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၆ ဦးကို အရေးယူခဲ့သည်။ ထိုမှုခင်းများထဲတွင် လူကုန်ကူးခံရသူအမျိုးသမီး ၂၅ ဦးကို ကယ်တင်နိုင်ခဲ့သည်။ 

အခမ်းအနားတွင် UNICEF မှ ကိုယ်စားလှယ်တစ်ဦးက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး World Vision မှ ကိုယ်စားလှယ်က မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗီဒီယိုခွေမှတ်တမ်းအားလည်းကောင်း၊ World Vision မှ စီစဉ်သည့် လူကုန်ကူးခံရသူ၏ ရင်တွင်းစကားသံ ဗီဒီယိုခွေမှတ်တမ်းအားလည်းကောင်း၊ World Vision မှ စီစဉ်သည့် အသိပညာပေး တစ်ခန်းရပ်ပြဇာတ်ဖြင့်လည်းကောင်း တင်ဆက်ပြသခဲ့သည်။ အခမ်းအနားအပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်ဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် လူကုန်ကူးမှု အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၌ (၁၇)ကြိမ်၊ စာသင်ကျောင်းများ၌ (၇၄)ကြိမ်၊ ပြည်သူလူထုအတွင်း (၁၅၇)ကြိမ် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို (၂၄၄)ကြိမ် ပြုလုပ်ခဲ့သည်။

အောင်စံမောင်