ပုဂံ ၂၃ နိုင်ဝင်ဘာ
ဒိန်းမတ်နိုင်ငံအခြေစိုက် Albatros ခရီးသွားကုမ္ပဏီနှင့် Myanmar Voyages International Tourism Company တို့ပူးပေါင်း၍ နိုင်ငံတကာ အပျော်တမ်းမာရသွန် အပြေးပြိုင်ပွဲ Bagan Temple Marathon ကို မြန်မာနိုင်ငံတွင် သတ္တမအကြိမ်မြောက်အဖြစ် ယနေ့နံနက် ၆ နာရီက ပုဂံမြို့ဟောင်းရှိ ထီးလိုမင်းလိုဘုရား ကားရပ်နားကွင်းပြင်တွင် စတင်တာထွက်ကျင်းပသည်။
အဆိုပါ မာရသွန်ပြိုင်ပွဲသို့ အမေရိကန်၊ဩစတြေးလျ၊ဒိန်းမတ်စသည့် နိုင်ငံများနှင့် အခြား အာရှနှင့် အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၃၅ )မှ နိုင်ငံတကာ မာရသွန်အပြေးသမား (၂၀၈)ဦး၊ ပြည်တွင်းမှ မာရသွန်အပြေးသမား (၂၉၃)ဦး စုစုပေါင်း (၅၀၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
ပြိုင်ပွဲကို ဒိန်းမတ်နိုင်ငံဒိုင်အဖွဲ့မှ ဦးဆောင်ပြီး ထီးလိုမင်းလိုဘုရားမှ စူဠာမဏိဘုရား၊ အာနန္ဒာ ဘုရား၊ ဓမ္မရာဇကဘုရား၊ မင်းနန်သူရွာ၊ နန်းမြင့်မျှော်စင်၊ညောင်ဦးနှင့် ထီးလိုမင်းလိုဘုရား သတ်မှတ်လမ်းကြောင်းအတိုင်း မီနီမာရသွန် (၁၀)ကီလိုမီတာ၊ တန်းဝက်မာရသွန် (၂၁) ကီလိုမီတာနှင့် တန်းပြည့်မာရသွန် (၄၂)ကီလိုမီတာဟူ၍ အဆင့်(၃)ဆင့်ဖြင့် သတ်မှတ်ကျင်းပခဲ့သည်။
၁၀ ကီလိုမီတာတွင် မြန်မာနိုင်ငံသား နိုင်လင်းထွန်းမှ ပထမ၊ ၂၁ ကီလိုမီတာတွင် မြန်မာနိုင်ငံသား ဌေးကိုကိုမှ ပထမနှင့် ၄၂ ကီလိုမီတာတွင် ဂျာမနီနိုင်ငံသား Mr Heiner Bufe က ပထမဆုများ အသီးသီးရရှိကြပြီး ယှဉ်ပြိုင်မှုအတန်းအစားအလိုက် ပထမ၊ဒုတိယ၊တတိယရရှိသူများကို တာဝန်ရှိသူများက ယွန်းအုပ်ဆုများချီးမြှင့်ကာ ပန်းဝင်သည့်ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီအား ရွှေတံဆိပ်ဆုများ ချီးမြှင့်ခဲ့သည်။
Myanmar Voyages Company အနေဖြင့် ၂၀၁၃ ခုနှစ်မစတင်၍ Albatros Company နှင့်ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနတို့၏ ပူးပေါင်းကူညီ မှုဖြင့် နှစ်စဉ်နိုင်ဝင်ဘာလရောက်တိုင်း Adventures Marathon ပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အထိ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)


