တီဟီရန် ၁၃ မေ
အီရန်နိုင်ငံမှ သတ္တုတင်ပို့မှုကို မကြာသေးမီအချိန်မှစ၍ အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ယင်းကိစ္စကို စိုးရိမ်ပူပန်ခြင်းမရှိဟု အီရန်နိုင်ငံသတ္တုတွင်းနှင့် ကုန်သွယ်ရေးလုပ်ငန်း ဒုတိယဝန်ကြီး ဂျက်ဖာဆာကွီနီက ပြောကြားခဲ့သည်။
အီရန်နိုင်ငံမှ သံ၊ စတီး၊ အလူမီနီယံတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ယင်းသို့ပိတ်ဆို့မှုမှာ တိုင်းပြည်၏ သတ္တုလုပ်ငန်းကို အနည်းငယ်သာ ထိခိုက်စေနိုင်သည်ဟု ဂျက်ဖာက ပြောသည်။ အီရန်နိုင်ငံ၏ သတ္တုလုပ်ငန်းသည် အရည်အသွေး မြင့်မားပြီး တစ်ကမ္ဘာလုံးအဆင့်မီကြောင်း၊ ကမ္ဘာအနှံ့ ဝယ်ယူသူဖောက်သည်များလည်းရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်သတ္တုလုပ်ငန်းကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အီရန်နိုင်ငံဘက်မှ ၂၀၁၅ ခုနှစ် အီရန် နျူကလီးယားသဘောတူစာချုပ်ပါ ကတိကဝတ်များမှ နုတ်ထွက်တော့မည်ဟု ကြေညာပြီးသည့်နောက် အမေရိကန်ဘက်မှ ယခုလိုပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အေအက်ဖ်ပီ