နေပြည်တော် ၂၁ ဩဂုတ် 

Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိဟ်တုကိုအသုံးပြု၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အတွင်း နေ့စဉ် ၃ မိနစ်မှ ၁၅ မိနစ်ခန့်အထိ Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ ဖြစ်ပေါ်ချိန်တွင်ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်၊ အသံအချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့်  သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး  နှစ်စဉ်မတ်လတွင်တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ်ကြုံတွေ့ရလေ့ရှိရာ   ၄င်းဖြစ်စဉ်သည်ထုတ်လွှင့်သည့်   ဂြိုဟ်တု၊      ဖမ်းယူသည့်  TVRO (စလောင်း)  အရွယ်အစားနှင့်  တည်နေရာတို့အပေါ် မူတည်၍ Sun Outage ဖြစ်သော အချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။

မောင်လူမော်