သုံးခွ၊ ၇ ဇွန်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ပေါ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေကန်ပေါင်း ၅၇ ကန်ရှိပြီး ၎င်းထဲမှ မြို့ပေါ်ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်သို့ ရေပိုက်လိုင်းဖြင့် ရေဖြန့်ဝေပေးလျက်ရှိရာ ရေပေးဝေရေးကန် လေးကန်၊ ရေကူးကန် ငါးကန်မှာ ရေများခန်းခြောက်သွားသဖြင့် ပြည်သူများအဆင်ပြေစေရန် အမှတ်(၅)ရပ်ကွက်ရှိ စက်ရေတွင်း ငါးတွင်းမှရေအား သုံးရေအဖြစ် ရေပိုက်လိုင်းဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် သောက်ရေအဆင်ပြေစေရန် ကံမြင့်ကျေးရွာတွင် တူးဖော်ထားသာ စက်ရေတွင်းမှ သောက်ရေအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဂါလန် ၁၆၀၀ ဆံ့ ရေသယ်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်ကာ ဖြန့်ဝေပေးကြောင်း သိရှိရသည်။
ယခုအခါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှတ်(၅)ရပ်ကွက်တွင် တူးဖော်ထားသော စက်ရေတွင်း ငါးတွင်းအနက် အမှတ်(၁)စက်ရေတွင်းမှ ရေအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာန၏ပံ့ပိုးမှုဖြင့် ရေသန့်စင်စက်ဖြင့် ပြန်လည်သန့်စင်၍ ဇွန် ၆ ရက်ကစတင်ကာ ပြည်သူများအတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ၊ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်းလင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်ရေသန့်များအား မည်သူမဆို အခမဲ့ လာရောက်ယူဆောင်နိုင်ကြကြောင်း သိရှိရသည်။
ကျော်ဆန်း


