mdn

သုံးခွ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မိသားစုဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလ၌ တိုးချဲ့ကျေးရွာဖြစ်သော သုံးခွအနောက်ကျေးရွာတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၂၉၄ သိန်းအား ထုတ်ချေးပေးခဲ့သည်။

ထိုသို့ထုတ်ချေးပေးရာ၌ ငွေကျပ် ၁၀၀ လျှင် ပြား ၅၀ အတိုးနှုန်းဖြင့် ချေးငွေအောင်မြင်သူ အသင်းသား ၂၀၀ သို့ သုံးခွအနောက်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးချစ်နန်းနှင့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ  အုပ်စုခွဲကာ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်းနှင့် အဆိုပါချေးငွေထုတ်ချေးပေးမှုအား သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ ဒေါ်မြတ်မြတ်မော်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော်သုံးခွ