ရန်ကုန် နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၁)ရပ်ကွက်  ရှင်စောပု လမ်း၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်း Mask  စနစ်တကျ တပ်ဆင်ရေး အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများ၊ အငှားယာဉ်များ၊ အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းရေးအတွက် နှာခေါင်းစည်း Mask နှင့် မျက်နှာအကာအကွယ် (Face shield)များ တပ်ဆင်ပြီးမှ ခရီးသွားလာကြရန် လက်သန့်စင်ဆေးရည်များကို သုံးစွဲကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး တိုက်တွန်းနှိုးဆော်ခဲ့ပြီး Mask များ (အခမဲ့) ဝေငှပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းပပျောက်ရေး လှုပ်ရှားမှုကို  သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သန့်ဇော်လင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်းနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)