သုံးခွ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မသွားလာရန်၊ သွားလာပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်သွားလာရန် လူထုလှုပ်ရှားမှု Mask Campaign လုပ်ငန်းကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက အရှိန်အဟုန်မြှင့်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်၍ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှစ်မျက်နှာစေတီတော်ရှေ့၊ မြို့မဈေးအနီး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask) များအား အခမဲ့ဖြန့်ဝေ၊ တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့် ညွှန်ကြားချက်များကို ပြည်သူများသိရှိလိုက်နာနိုင်စေရန်အတွက် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


