သုံးခွ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲဈေးကွက်အတွင်းသို့ ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိရာ ဈေးကွက်အတွင်း ဝင်ရောက်ခါစဖြစ်သည့်အတွက် ဈေးနှုန်းတည်ငြိမ်မှု မရှိသေးကြောင်း၊ တစ်ဧကအထွက်နှုန်းတိုး၍ ပေါက်ဈေးမြင့်မားပါက တောင်သူများ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။
ပဲတီစိမ်းများကို မြို့နယ်အတွင်းနှင့် အခြားဒေသများမှ လယ်ယာလုပ်သားများက လူအင်အားဖြင့် ဆွတ်ခူးလျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့စက်များဖြင့်လည်း ဆောင်ရွက်လျက်ကြောင်း သိရသည်။ ပဲဈေးကွက်အတွင်း ပဲအဝင်များလာခြင်းနှင့်အတူ ဈေးနှုန်းကျဆင်းသွားမည်ကို စိုးရိမ်နေရကြောင်း တောင်သူများထံမှ သိရသည်။ ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်းကို နိုဝင်ဘာလ စတုတ္တပတ်၊ ဒီဇင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြပြီး ယခုနှစ်တွင် အချိန်အခါမဲ့ မိုးကြောင့် စိုက်ပျိုးချိန် နောက်ကျခဲ့ကာ တောင်သူတစ်ဦးနှင့်တစ်ဦး စိုက်ပျိုးချိန်မတူညီသဖြင့် ပဲထွက်ချိန်လည်း ကွာခြားမှုရှိကြောင်း၊ ပဲစိုက်ပျိုးပြီး ၇၅ ရက်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း၊ သုံးခွမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်း ၁၃၉၆၉၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျော်ဆန်း


