သုံးခွ ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေး ကွင်းသရုပ်ပြပွဲကို သိုက်တူးကန်ကျေးရွာတောင်သူ ဦးမောင်မြင့်၏ ပဲတီစိမ်း ၁၀ ဧက စိုက်ခင်းရှိ တောင်သူပညာပေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှင်းလင်းပြောကြား
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် ပညာပေးစံပြကွက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တောင်သူ ဦးမောင်မြင့်က စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ ဆောင်ရွက်မှုအဆင့်တိုင်း မှတ်တမ်းထားရှိပြီး ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများအား နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ထွက်ရှိလာသော သီးနှံများ၏ ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ ISO/ IEC 17025 နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားသော စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ပညာပေးစံပြကွက်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)


