သုံးခွ၊ ၃၀ မေ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်စာရင်း) နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်၀င်းသိန်းက ပန်းခင်းစီမံချက်အကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်၊ တာ၀န်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိခြင်းကြာင့် ရရှိမည့် အကျိုးကျေးဇူး၊ မပျောက်ပျက်အောင် စနစ်တကျထိန်းသမ်းရန် လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး ဝင်းတင်နှင့် အဖွဲ့ဝင်များက ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မပြုလုပ်ရသေးသည့် ဒေသခံပြည်သူများအား လွယ်ကူလျင်မြန်စွာ ရရှိစေရန် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ နိုဝင်ဘာလ ၃ ရက်ထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)


