သုံးခွ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား RDT Test Kit ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၀ ရက်ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာ ၅၄ ဦး တွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ပိုးတွေ့လူနာများအား သုံးခွမြို့ပြည်သူ့ဆေးရုံရှိ Isolation Ward သီးသန့်ဆောင်နှင့် အမှတ် (၂) ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတို့တွင် ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ သံသယလက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ သွားရောက်ပြရန် လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးက ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် အချိန်မီ ထိန်းချုပ်ကာကွယ် တားဆီးနိုင်စေရန် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ်ဖြင့်သာ ဆောင်ရွက်ရန်၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျစွာ လိုက်နာဆောင်ရွက်ရန်၊ နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကိုသာ ခွင့်ပြု၍ အခြားပစ္စည်းရောင်းချသည့်ဆိုင်များ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှက ပြောကြားခဲ့သည်။
ကိုကျော် (သုံးခွ)


