သုံးခွ နိုဝင်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ရေပိုက်လိုင်းမှ အိမ်သွယ်ရေတိုင်များဖြင့် ရေရယူသုံးစွဲလျက်ရှိသည့် ပြည်သူများ ရေသုံးစွဲမှုအဆင်ပြေစေရန်၊‌‌ မိုးရာသီအမီထိ ရေပြတ်လပ်မှုမရှိစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အလိုက် နိုဝင်ဘာ ၁၅ ရက်မှစ၍ အလှည့်ကျစနစ်ဖြင့် ရေပေးနေကြောင်း သိရှိရသည်။

 

အမှတ်(၁)ရပ်ကွက်ရှိ ကွက်သစ်‌ရေကန်၊ အမှတ်(၂)ရပ်ကွက်ရှိ ၃၁ ဧက ရေကန်၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့ဦးရေကန်၊ အမှတ်(၉)ရပ်ကွက်ရှိ ကန်သာယာရေကန် စုစုပေါင်း ရေပေးဝေရေးကန် လေးကန်၊ ရေကူးကန် လေးကန်တို့မှ ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။ သုံးခွမြို့ပေါ်ရှိ ရပ်ကွက် ပေါင်း ၁၂ ရပ်ကွက်တွင် အိမ်သွယ်ရေတိုင်ပေါင်း ၃၁၃၂ တိုင်ရှိပြီး မြေအောက်ရေချိုမရရှိသဖြင့် ရေကန်များကိုသာ အားကိုးအားထားပြုနေရကြောင်း သိရှိရသည်။ ရေလေလွင့်ပြုန်းတီးမှု မဖြစ်စေရေးအတွက် မိမိနေအိမ်ရှေ့နှင့် လမ်းများပေါ်တွင် ရေဖျန်းခြင်း၊ သစ်ပင်ပန်းပင် စိုက်ပျိုးရေးလုပ်ငန်းများ၌ ရေလောင်းခြင်း၊ ကားရေဆေးခြင်း၊ ဆိုင်ကယ်ရေဆေးခြင်းနှင့် ရေလေလွင့်ပြုန်းတီးစေနိုင်သော အခြားနည်းလမ်းများဖြင့် အသုံးပြုခြင်းများ မပြုကြရန် အသိပေးနှိုးဆော်ထားပြီး ရေမရရှိပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဖုန်း ၀၅၆၄၀၀၂၉ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရသည်။

 

ကိုကျော်(သုံးခွ)