သုံးခွ ၃ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် ၄ ရပ်ကွက် ရှစ်မျက်နှာစေတီတော် ပရိဝုဏ်ရှိ ရှစ်ကျိပ်တစ်ဆူ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ရှစ်ကျိပ်တစ်ဆူဘုရားနှင့် ရဟန္တာများအဆူ ၂၀ဝ ကျော်တို့အား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၁၂ ရက်) ညနေနှင့် လပြည့်နေ့ အရုဏ်တို့တွင် ကျင်းပမည်ဟု သိရှိရသည်။
အဆိုပါ ဘုရားလှည့်လည်ပွဲတွင် ရှစ်ကျိပ်တစ်ဆူဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်က ဘုရားရဟန္တာဆင်းတုရုပ်ပွားတော်များကို ပင့်ဆောင်ရေးမော်တော်ယာဉ်များဖြင့်လည်းကောင်း ဝတ်အသင်းသူများ၊ ရပ်ကွက်ကျေးရွာများမှ ကုမ္မာရီအမျိုးသမီးများက ဦးကဦးခေါင်းထက်တွင် ပင့်ဆောင်၍ ရပ်ကွက်များအတွင်းသို့ ဒေသစာရီ လည့်လည်အပူဇော်ခံကြွရောက်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လပြည့်နေ့ညတွင် ရှစ်မျက်နှာဘုရားရင်ပြင်တော်၌ ဆီးမီးများ အမွှေးနံ့သာတိုင်များဖြင့် ထွန်းညှိ ပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု သိရှိရသည်။
ကိုကျော်(သုံးခွ)


