သုံးလေး၊ ငါးနာရီ ခရီးကို တစ်နာရီကျော်လောက်နဲ့ ခရီးပေါက်နိုင်မယ်

မောင်တော ၆ ဖေဖော်ဝါရီ

အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ပြီးသွားရင် သုံးလေး၊ ငါးနာရီ ခရီးကို တစ်နာရီကျော်လောက်နဲ့ ခရီးပေါက်နိုင်မယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

 

 

“အရင်တုန်းက အငူမော် - မောင်တောလမ်း မိုင် ၅၀ ကို အချိန် သုံးလေး၊ ငါးနာရီကျော်လောက် သွားရတယ်၊ ဒီလမ်းအဆင့်မြှင့်တင်ပြီးသွားရင် တစ်နာရီကျော်လောက်နဲ့ ခရီးပေါက်နိုင်မယ်၊ ဒီလိုသွားနိုင်ရင် လုံခြုံရေးကိစ္စရပ်အတွက် လုံခြုံရေးအဖွဲ့အစည်းတွေ လာနိုင်မယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လာနိုင်မယ်၊ ကုန်စည်ကူးသန်းမှုတွေ လုပ်နိုင်တဲ့အတွက်ကြောင့် လူမှုစီးပွားရေးတွေ ဖွံ့ဖြိုးလာမယ်၊ ဒါကြောင့် ဒီလမ်းဟာ ဒီဒေသ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့လမ်းလို့ ကျွန်တော်တို့ မြင်မိပါတယ်။ အေးရှားဝေါလ်က ဒီလမ်းကြီးကို ကွန်ကရစ်လမ်း လုပ်မယ်ဆိုတဲ့အတွက် သူတို့ရဲ့ system နဲ့ စွမ်းရည်ကို အသိအမှတ်ပြုပါတယ်။ ဒေသခံ တိုင်းရင်းသားတွေအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လာပြီး UEHRD ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ လာဆောက်ပေးခြင်းအားဖြင့် ဒီဒေသမှာ တော်တော်လေးကို ဖွံ့ဖြိုးလာမယ့် အနေအထားရှိပါတယ်၊ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့လည်း ရတဲ့ ဘတ်ဂျက်တွေထဲကနေ ဒေသဖွံ့ဖြိုးရေးကို တတ်နိုင်သလောက် ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

MDN