သုံးနှစ်အတွင်း ပလတ်စတစ်လေးမျိုး အသုံးပြုမှု ထိုင်းအစိုးရ ပိတ်ပင်မည် 

ဗန်ကောက် ၄ ဇူလိုင်

 

တစ်ခါသုံး ပလတ်စတစ်ခွက်များ၊ အရည်စုပ်ရန်သုံးသည့် ပလတ်စတစ်စုပ်တံများ၊ အစားအသောက်ထည့်စရာ အပူ ထိန်းဖော့ဖြူဘူးများ၊ ၃၆ မိုက်ခရွန်အောက်ပါးလွှာသည့် ပလတ်စတစ်အိတ်များ အသုံးပြုမှုကို ၂၀၂၂ ခုနှစ်အတွင်းတွင် အဆုံးသတ်ရန် ဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ်ချန်အိုချာက ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက်သည်။

 

ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်အိတ် သုံးစွဲမှုပပျောက် ရေးနေ့ အခါသမယ၌ အစိုးရအိမ်တော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းဝန်ကြီးချုပ်က ထိုကဲ့သို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်က ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် ကူညီ ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးလုပ်ဆောင်ရာတွင် ကူညီခဲ့ကြသည့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ လွန်ခဲ့သည့် ကိုးလအတွင်း ပလတ်စတစ်သုံးစွဲမှု ၂ ဒသမ ၇ တန် သို့မဟုတ် ပလတ် စတစ်အိတ် ၁ ဒသမ ၅ ဘီလီယံ လျှော့ချနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

အစိုးရအနေဖြင့် ပလတ်စတစ်အမှိုက်များ လျှော့ချရန်အတွက် ပလတ်စတစ်ပစ္စည်းများအစား ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် အသုံးအဆောင်ပစ္စည်းများ အသုံးပြုမှုကို မြှင့်တင်အားပေးမည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကုန်တိုက်များ၊ စတိုးဆိုင်များကပေးသည့် ပလတ်စတစ်အိတ်များကို ငြင်းပယ်ကြရန် နိုင်ငံသူ နိုင်ငံသားများကိုလည်း ဝန်ကြီးချုပ်က မေတ္တာ ရပ်ခံခဲ့သည်။ 

 

အစိုးရအနေဖြင့် ၎င်း၏ ဆောင်ရွက်ချက်များကို ပလတ်စတစ်လျှော့ချရေးမှ အသုံးပြုမှု လုံးဝရပ်ဆိုင်းရေး သို့ပြောင်းရန် စီစဉ်နေကြောင်း၊ ၂၀၂၂ ခုနှစ် ရည်မှန်းချက် ကို လျင်မြန်စွာ အောင်မြင်အောင်ဖော်ဆောင်ရေးမှာ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုသည် ပင်လယ်ပြင်နှင့် ကုန်းမြေပေါ် တွင် ဖြစ်ပေါ်နေသည့် ကမ္ဘာကြီးညစ်ညမ်းမှုကို ဖြေရှင်း ရန်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

 

ဘာသာပြန် - အောင်ဇော်လင်း