ဆရာတော်-သာသနာဆိုသည် အဘယ်နည်း။ ဆုံးမတတ်သလော၊ ဆုံးမအပ်သလော။ ဆုံးမကြောင်း ဖြစ်သလော သိသာအောင် အမိန့်ရှိတော်မူပါဟူသော အလောင်းမင်း တရား၏ အမေးပုစ္ဆာကို သဒ္ဒါအလိုအားဖြင့် ဆုံးမတတ်သည်လည်း သာသနာမည်၏။ ဆုံးမအပ်သည်လည်း သာသနာမည်၏။ ဆုံးမကြောင်းသည်လည်း သာသနာမည်၏ဟူ၍ အတုလဆရာတော်က ဖြေကြားခဲ့သည်။

 

ဗုဒ္ဓမြတ်စွာသာသနာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာဟူ၍ သာသနာသုံးရပ်ရှိရာ ပရိယတ္တိ သာသနာသည် ဘုရားရှင်၏ စကားတော်ဖြစ်သော ပိဋကတ်သုံးပုံဖြင့် သတ္တဝါတို့ကို ဆုံးမသည်။ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာတို့သည် စာရိတ္တ၊ ဝါရိတ္တ သီလအဖြစ်ဖြင့် မိမိကိုယ်၌ ထင်ရှားဖြစ်ကုန်သော လောဘ အစရှိသည့် ကိလေသာတို့ကို ဆုံးမသည်။ သာသနာတော် သုံးပါးသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် နှစ်ငါးထောင်တိုင်အောင် တည်ရမည်ဖြစ်ပြီး နှစ်ပေါင်းငါးထောင် မကုန်မီကာလသည် သာသနာတော်တွင်းဖြစ်သည်။ သာသနာတော်၏ တည်ရာသည် ရေမြေကို အစိုးရသော ဧကရာဇ်မင်းမြတ်တို့၏ အာဏာတော်၊ တရားကိုငဲ့၍ ကျင့်ကုန်သော ရဟန်းရှင်လူတို့၏ စေတနာ၊ သည်နှစ်ပါးသော အကြောင်းကြောင့်ပင် သာသနာတော်တည်သည်ဟု မှတ်တော်မူရမည်။ သာသနာငါးထောင်တည်ရန် နှစ်လကို ဥယျာဉ်မြေခင်းကဲ့သို့ လည်းကောင်း၊သာသနာတော် သုံးပါးကို ဥယျာဉ်မျိုးစေ့ကဲ့သို့လည်းကောင်း၊ သာသနာတော်ကိုဆောင်သော ရဟန်းရှင်လူတို့ကို ဥယျာဉ်လုပ်သော သူကဲ့သို့လည်းကောင်း၊ သာသနာတော်ကို စောင့်သော မင်းဧကရာဇ် အာဏာတော်ကို ဥယျာဉ်ကို လုံခြုံအောင် စည်းစောင်ရန်းလုပ်၍ ရံသောသူကဲ့သို့ မှတ်တော်မူရမည်။ ဤလေးပါးညီမှ သာသနာတော် စည်ပင်ပြန့်ပွားများပြား ရာသည်ဟု အတုလဆရာတော်က ဖြေဆိုတော်မူခဲ့သည်။

 

မြတ်ဗုဒ္ဓ၏ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ခဲ့ပြီဖြစ်ပြီး မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားဓမ္မကို လူသားတို့အနေဖြင့် ကောင်းစွာ နားလည်ပြီး လိုက်နာကျင့်ကြံ နေထိုင်ကြမည်ဆိုပါက ကမ္ဘာနှင့်အဝန်းဖြစ်ပေါ် ရင်ဆိုင်နေကြရသည့် ဘေးဒုက္ခတို့မှ လွတ်မြောက်ကာ ငြိမ်းချမ်းသာယာ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ လူသားတို့၏ ကမ္ဘာတွင် တစ်ဦးအပေါ်တစ်ဦး အနိုင်အထက်ပြုခြင်း၊ သူတစ်ပါး၏ဥစ္စာကို အဓမ္မနည်းဖြင့် ရယူခြင်း၊ မနာလို ဝန်တိုခြင်း၊ မုန်းတီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် ရင်ဆိုင်နေကြရသည့် ကပ်ဘေးဆိုက်မှု များမှာ အရင်းခံအားဖြင့် လောဘ၊ ဒေါသ၊ မောဟဟူသော ကိလေသာ မီးသုံးပါးမှ စတင်ခြင်းဖြစ်သည်။

 

ရုပ်နာမ်ခန္ဓာ၏ အတွင်းမီးဖြစ်သော ကိလေသာကို ငြှိမ်းသတ်နိုင်သည်နှင့်အမျှ ပြင်ပကမ္ဘာမှ ဘေးဒုက္ခများမှာလည်း ငြိမ်းအေးမည်သာဖြစ်ရာ ဘုရား၏ တရားတော်ကသာငြှိမ်းသတ်နိုင်သည့် ရေအေးပင်ဖြစ်သည်။ သာသနာတော် နှစ်ပေါင်း ငါးထောင် တည်တံ့နိုင်ရန်မှာ သာသနာသုံးဖြာကို ကောင်းစွာ ဆောင်ရန် လိုအပ်သကဲ့သို့ ကောင်းစွာစောင့်ရှောက်ရန်လည်း လိုအပ်သည်ဟူ၍ သာသနာ့နွယ်ဝင် သူတော်စင်အပေါင်းတို့အား နှိုးဆော်လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း