နေပြည်တော် အောက်တိုဘာ ၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အထောက်အပံ့ အစီအစဉ်အရ ခရီးသွားလုပ်ငန်းသုတေသနစင်တာ တည်ထောင်ခြင်း စီမံကိန်း (Establishment of Tourism Research Center) အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော သုတေသနဆိုင်ရာအခြေခံ (Basic) နှင့် အထူးကြပ်မတ် (Intensive) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယားများအားကောင်းခိုင်မာစေရေး၊ မူဝါဒများ၊ စီမံ ကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားကောင်းသော ကိန်းဂဏန်း ဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေးမှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်သောကြောင့် ယင်းသုတေသန သင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သုတေသနဆောင်ရွက်ရာတွင် ကိန်းဂဏန်း အချက်အလက်များ ကောက်ယူမှုပေါ်မူတည်ပြီး သုတေသန၏ ဆောင်ရွက်ချက်များကို ပေါ်လွင်အောင် ဖော်ထုတ်နိုင်မည်ဖြစ်သည့်အတွက် Data များကို သေချာစွာကောက် ယူရမည်ဖြစ်ကာ စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဈေးကွက်၏ သဘောသဘာဝကို နားလည်ပြီး လက်တွေ့ကျသော ရည်မှန်းချက်များချမှတ်၍ အကျိုးရှိသော ဈေးကွက်ဆိုင်ရာ နည်းဗျူဟာများ ဖော်ထုတ်နိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပြီး လုပ်ငန်းအသစ်များ ချဲ့ထွင်ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်း လိုင်းများ ပြန်လည်စတင်ပြေးဆွဲပြီးနောက် ဝင်ရောက်လာသော နိုင်ငံတကာခရီးသွား ဧည့်သည်များ၏ အချက်အလက်များကို စာရင်းကောက်ယူ၍ သုတေသနပြုလုပ်ခြင်းဖြင့် ဈေးကွက်အနေအထားကို ခန့်မှန်းနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနသင်တန်းများတွင် သင်ယူကြမည့် သင်တန်းသားများအနေဖြင့်လည်း သင်တန်းတွင် သင်ကြားပို့ချခဲ့မှုများကို သေချာစွာလေ့လာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်အောင် ဖြန့်ဝေ ပေးကာ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာသုတေသနစင်တာမှ စီမံကိန်းအဖွဲ့ ခေါင်းဆောင် ကျွမ်းကျင်ပညာရှင် ဦးအောင်မင်းက သင်တန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းကို အောက်တိုဘာ (၄) ရက်မှ (၇) ရက် အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အထူးကြပ်မတ်သင်တန်းကို အောက်တိုဘာ (၁၁) ရက်မှ (၂၈) ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကာ သင်တန်းတွင် စာရင်းဇယားကောက်ခံပြုစုမှုများကို Quantitative and Qualitative Research Method သရုပ်ခွဲခြင်း ပညာရပ်များကို အခြေခံ၍ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သုတေသနဆောင်ရွက်မည့် ပုံစံဒီဇိုင်းတည်ဆောက်ခြင်း၊ Data များ ကောက်ယူပုံနှင့် စစ်တမ်းမေးခွန်းလွှာများ ပြင်ဆင်ခြင်း၊ သုတေသနဆိုင်ရာ ကျင့်ဝတ်များနှင့် အွန်လိုင်း/ ကွင်းဆင်းဆောင်ရွက်ခြင်းဆိုင်ရာ လိုက်နာသင့်သည်များကို Software များ အသုံးပြု ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မန္တလာ တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်)မှ နည်းပြများ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ် စုစုပေါင်းသင်တန်းသား ၇၀ ကျော်ကို Hybrid စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်