နေပြည်တော် မတ် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ ယွန်းရက်ကန်းနှင့် ထုပ်ပိုးမှုပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆)၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဉ် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာ ၂၀၁၅ ခုနှစ်မှစ၍ ယနေ့အချိန်ထိ သုတေသနလုပ်ငန်း ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး သုတေသနစာတမ်းပေါင်း ၉၇ စောင်ကို ပြုစုထားရှိပြီးဟု သိရှိရပါကြောင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသ၏ ထွက်ကုန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးကို အခြေခံပြီး ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံတော်အကြီးအကဲများမှလည်း အားပေးဆောင်ရွက်နေ သည့် အချိန်အခါဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်လျက်ရှိ သည့် အရင်းအနှီးအထောက် အပံ့များပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့်လည်း ယနေ့နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဦးတည်ချက်နှင့်အညီ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း မှာကြားသည်။
အဆိုပါ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ ယွန်းရက်ကန်းနှင့် ထုပ်ပိုးမှုပညာရပ်ဆိုင်ရာ စာတမ်းများဖြစ်သည့် ကြက်သွန်နီအခြေခံတန်ဖိုးမြှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစာတမ်း၊ လက်ငင် ချည်ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း၊ The Future of Packaging စာတမ်း၊ ထုပ်ပိုးမှုဖြင့် ဈေးကွက်ချဲ့ထွင်ခြင်းစာတမ်း၊ Vacuum Freeze Dryer အသုံးပြု၍ တန်ဖိုးမြှင့် သဘာဝ သစ်သီးခြောက်များ စမ်းသပ်ထုတ်လုပ်ခြင်း၊ ထောပတ်သီးမှ အဆီအနှစ်(Oil Extract)များ ထုတ်ယူ၍ Herbal Cosmetic အလှကုန်ပစ္စည်းများ စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ မြန်မာ့သစ်စေးအကြောင်းကို လေ့လာခြင်းနှင့် စမ်းသပ်သုတေသန ပြုလုပ်ခြင်း၊ ပဲပုပ်မှစားသောက်ကုန်များ သုတေသနပြု စမ်းသပ်ထုတ်လုပ်ခြင်း စသည့် စာတမ်းများကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ စာတမ်းရှင် ခြောက်ဦးနှင့် ပြင်ပမှ MSME လုပ်ငန်းရှင် နှစ်ဦးတို့မှ မတ် ၁၇ ရက်တွင် ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့ သည့် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာအုပ်စု ဝဲကြီးကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင် ရင်းနှီးစွာတွေ့ဆုံဆွေးနွေး၍ ဒေသခံပြည်သူများ၏ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာ လိုအပ်မှုတင်ပြချက်များအပေါ် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကျေးရွာတောင်သူ များ၏ စိုက်ပျိုးမြေ ဧက ၃၈ ဧကကျော် အကျိုးပြုပေး လျက်ရှိသည့် မိုဘိုင်းဆိုလာစွမ်းအင်ဖြင့် စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ် ဇီးဖြူတန်းကျေးရွာ၌ ဇီးဖြူတန်း ကျေးရွာ၊ ဘိုကတော်ကျေးရွာ၊ ရှမ်းရွာကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်ပဈေးကွက် ဝင်သော စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူ များအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုများကို ၁ ရာခိုင်နှုန်းဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေးဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်းနှုန်း အပါအဝင် မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သို့ပေးဆပ်ရမည့် ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်ပြီးမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်