နေပြည်တော် မေ ၁၄
သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ပညာရှင် သုတေသီများ၊ တိုင်းဒေသကြီးပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ အထူးဖိတ်ကြားထားသော အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လယ်ယာထုတ်ကုန်များအပြည့်အဝ ထုတ်လုပ်နိုင်စေရန်၊ ထုတ်လုပ်သည့် သီးနှံများ အရည်အသွေးပြည့်ဝကောင်းမွန်စေရန်၊ စိုက်ပျိုးသူတောင်သူလယ်သမားများ ဝင်ငွေတိုးတက် စေရန် မိမိတို့စိုက်ပျိုးရေးပညာရှင်များတွင် အဓိကတာဝန်ရှိနေကြောင်း၊ ဖော်ထုတ်တွေ့ရှိထားကြသည့် သုတေသနနှင့် နည်းပညာများကို တောင်သူများ လက်တွေ့အကျိုးရှိစွာအသုံးချနိုင်ရေးကို ထိထိမိမိ လုပ်ဆောင်ပေးနိုင်မှသာ အချိန်နှင့်ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး စိုက်ပျိုးရေးပညာရှင်များ သုတေသီများ ကြိုးကြိုးစားစား အားထုတ်ရကျိုး နပ်မည်ဖြစ်၍ နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်သည့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ဆက်နွယ်ပေါင်းစပ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြစေလိုကြောင်း။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများ ရေးဆွဲပြီး တောင်သူလယ်သမားများအတွက် သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပွားများပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးသူတောင်သူ လယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာများ ဖြေရှင်းပေးခြင်း အစရှိသည့် သုတေသန လုပ်ငန်းတာဝန်များကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
အလားတူ သီးနှံနှင့်စိုက်ပျိုးမြေကိုက်ညီမှုရှိစေရေး၊ စိုက်ပျိုးမြေများတွင် ပါဝင်နေသည့် မြေဆီဩဇာနှင့် ထည့်သွင်းပေးရမည့် မြေဆီအာဟာရ မှန်ကန်စေရေး၊ သွင်းအားစု စရိတ်လျှော့ချနိုင်ရေးနှင့် မြေဆီလွှာ ကျန်းမာရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ မျှတစွာအသုံးပြုနိုင်ရေး၊ သီးနှံအလိုက် မြေပြင် ထွန်ယက်ခြင်းနှင့် စိုက်ပျိုးရေ စီမံခန့်ခွဲမှုနည်းပညာ စသည့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေးနှင့် ပန်းတိုင်အထွက် ရရှိရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာ အဓိကအချက်(၄)ချက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းလျက်ရှိရာတွင် တောင်သူများနှင့် ထိတွေ့ ဆက်ဆံနေရသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများအနေဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အခြေခံလိုအပ်ချက်များကို ပိုမိုသိရှိနားလည်နိုင်အောင် ဆောင်ရွက်ရန်နှင့် ၎င်းတို့အတွက် ဖြည့်ဆည်းပေးရမည့်လုပ်ငန်းများကို စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများထံရောက်ရှိအောင် ပို့ဆောင်အဖြေရှာနိုင်ရေး တပါတည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း သုတေသနတွေ့ရှိချက်များကို တောင်သူများထံ ရောက်ရှိစေရန် ဆောင်ရွက်ထားရှိမှု နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင်မှု၊ ၁၀ နှစ်တာကာလအတွင်း သုတေသနရန်ပုံငွေရရှိမှု၊ သုတေသန အထောက် အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်တင်ပြသည်။
ဆက်လက်၍ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက သုတေသနဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် သုတေသနဌာနခွဲ(၉)ခု၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ဒေသသုတေသန ဗဟိုဌာန(၆)ခု၊ သီးနှံသုတေသန ဗဟိုဌာန(၄)ခု၊ သုတေသနဌာနစု (၃၃)ခု၊ သုတေသခြံ (၁၈)ခုနှင့် သုတေသနစခန်း(၃)ခုတို့ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သုတေသနစီမံကိန်း(၈၀၂)ခု ဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သုတေသနစီမံကိန်း (၇၀၇)ခု လျာထားဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)