၂၇ သြဂုတ်
မြန်မာနိုင်ငံတွင် ‘သုတေသန’ ဆိုသည်ကို ပညာအခြေခံရှိသူတိုင်း အကြမ်းဖျင်းနားလည်ကြသည်။ သုတေသန၏ တန်ဖိုးကိုလည်း သိရှိကြသည်။ ‘သုတေသန’ ဆိုသည်မှာ ပါဠိသက်ဝေါဟာရဖြစ်သည်။ ‘သုတဧသနာ’ (သုတ) အကြားအမြင် (ဧသနာ)ရှာမှီးခြင်း၊ အကြားအမြင်များကို ရှာမှီးခြင်းဖြစ်သည်။ တစ်နည်း တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရှိရန် စူးစမ်းရှာဖွေခြင်းဖြစ်သည်။
သုတေသနသည် အကြားအမြင်ဗဟုသုတများကို စုဆောင်းခြင်းဖြစ်၍ အဖိုးထိုက်တန်လှသည်။ ဗဟုသုတ ဟင်းလေးအိုးကြီးဟုလည်း ခေါ်ဆိုထိုက်သည်။ ဆိုင်ရာဆိုင်ရာ ဘာသာရပ်များအတွက် အကိုးအကား အထောက်အပံ့ကောင်းများဖြစ်သည်။ တိကျခိုင်မာသော အထောက်အထားကောင်းများလည်း ဖြစ်နိုင်သည်။ သုံး၍ မကုန်၊ ရှာ၍မဆုံးနိုင်သော လိုတရရွှေအိုးကြီးနှင့် အလားသဏ္ဌာန်တူသည်။
၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သုတေသနနှင့်စပ်လျဉ်း၍ ထည့်သွင်းပြောကြားခဲ့သည်။ အဆင့်မြင့်ပညာတွင် သုတေသနသည် အရေးကြီးသည်။ သုတေသနပြုလုပ်ခြင်း၏ အဓိပ္ပာယ်မှာ အသစ်အဆန်းများကို လမ်းဖွင့် ပေးခြင်း ဖြစ်သည်။ သုတေသနသည် အဆုံးမဟုတ်ချေ။ အသစ်အဆန်းများအတွက် အစပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သုတေသနကိုအားပေးဖို့ ပညာရေးမူဝါဒတွင် ထည့်သွင်းထားသည်ဟု မှတ်သားရသည်။
သုတေသနကို နှစ်ပေါင်းများစွာ လျစ်လျူရှုသည့်အခါ ပြည်သူပြည်သားများ၏ မွေးရာပါ ထိုးထွင်းဉာဏ်များ တုံးသွားသောကြောင့်သုတေသနကို ဦးစားပေးလိုကြောင်း၊ ဦးစားပေးသည့်အခါ မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဘာသာရပ်များ ကိစ္စရပ်များကို အထူးဦးစားပေးပြီး သုတေသန လုပ်ပေးစေချင် ကြောင်း၊ သို့မှသာ လက်တွေ့ကျကျ တိုးတက်မည်၊ နိုင်ငံ၏အခြေအနေကို တိုးတက်အောင် လုပ်ပေးနိုင်မည်၊ ကမ္ဘာနှင့်ရင်ပေါင်တန်းပြီး ပညာရေးလောကတွင် ထွန်းပေါက်နိုင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။
သုတေသနလုပ်ငန်းသည် ပညာရေးနယ်ပယ်တွင်သာမက အခြားနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင်ပါ အသုံးချအကျိုးပြုနိုင်သော လုပ်ငန်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် သုတေသနလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် အထူးဦးစားပေးဆောင်ရွက်ကြပြီး လုပ်ငန်းရှင်များက ပံ့ပိုးဖြည့်ဆည်း ပေးကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အချို့လုပ်ငန်းများတွင် သုတေသန လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျထူထောင်ထားကြသဖြင့် လုပ်ငန်းအတွက်များစွာ အထောက်အကူပြုနေသည်ကို မြင်တွေ့နေရသည်။
မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများကို ထူထောင်ထားသော်လည်း မှေးမှိန်နေသည်ကို တွေ့ရသည်။ ဌာနဆိုင်ရာများတွင် ဘဏ္ဍာငွေလျာထားချက်၌ သုတေသနစရိတ်ရှိသော်လည်း အသုံးချခြင်း မရှိချေ။ မြန်မာလူမျိုးများသည် အများအားဖြင့် လက်တွေ့အကျိုးစီးပွားကိုသာ ဦးစားပေးလေ့ရှိပြီး ရေရှည်အကျိုးစီးပွားကိုမူ စိတ်ဝင်စားမှုအားနည်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု မပြုလိုခြင်းတို့ကြောင့် သုတေသန နယ်ပယ်မှာ မှေးမှိန်နေခြင်းဖြစ်သည်။
အမှန်တကယ်တွင် သုတေသနဆိုသည်မှာ စဉ်ဆက်မပြတ် ရှာမှီးထားသောကြောင့် သုံး၍မကုန်သော လိုတရရွှေအိုးကြီး ဖြစ်ပေသည်။ လက်ငင်းအကျိုးစီးပွားအတွက်သာမက ရေရှည်အကျိုးစီးပွားအတွက်ပါ ဖန်တီးပေးနိုင်သည့်အပြင် ဆန်းသစ်တီထွင်မှုအတွက်ပါ အထောက်အပံ့ကောင်းများ ရနိုင်သောကြောင့် တန်ဖိုးကြီးသော ရွှေအိုးကြီးဖြစ်သည်။ ထို့ကြောင့် သုတေသနလုပ်ငန်းများကို တန်ဖိုးထားသော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်နေပြီး တန်ဖိုးမထားသော နိုင်ငံများမှာ တိုးတက်မှုနောက်ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ယှဉ်တွဲရှေးရှု၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို အုတ်မြစ်ချပေးရေး၊ လက်ငင်း၊ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းရေးကို အလေးထားေ ဆာင်ရွက်နိုင်ကြစေရန် အကြံပြုအပ်ပါသည်။ ။
(ကြေးမုံ)