နေပြည်တော် အောက်တိုဘာ ၃၀
မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများသည် ယင်းတို့ကိုကျွေးမွေးသည့် အစာအာဟာရအပေါ် များစွာတည်မီနေကြောင်း၊ ထို့ကြောင့် ဒေသနှင့်ကိုက်ညီ ဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များ၊ အစာပင်မျိုးအစားအလိုက် အာဟာရပါဝင်မှုများ အပါအဝင် တိရစ္ဆာန်အစာနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပျော်ဘွယ်မြို့နယ် မွေးမြူရေးသုတေသနစခန်းသို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့က အဆိုပါစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူအကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနများ ဖြစ်စေရေး ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ သုတေသနဖ ော်ထုတ်တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနများအဖြစ် ပြောင်းလဲပြီး အမှန်တကယ် အသုံးချမည့်သူများ၏ လက်ဝယ်ရောက်ရှိအောင် ဆောင်ကြဉ်းပေးရန်လိုကြောင်း၊ သုတေသန ဆောင်ရွက်ချက်များ၊ ဖော်ထုတ်တွေ့ရှိမှု ရလဒ်များကို မျက်ခြေမပြတ်လေ့လာပြီး ရေရှည်အတွက် အကျိုးရှိစေမည့် နည်းပညာရပ်ဆိုင်ရာ သုတေသနနှင့် လက်တွေ့အသုံးချ သုတေသနများ ဖွံ့ဖြိုးလာရေး ကြိုးပမ်းကြရန်လိုကြောင်း ထည့်သွင်း မှာကြားခဲ့သည်။
အဆိုပါစခန်းအား ကြည့်ရှုစစ်ဆေးစဉ် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့က ဒေသနွားများကို အုပ်စုသုံးစုခွဲ၍ ယူရီးယား သကာတုံး (Urea Molasses Multi-nutrient Block,UMMB) တွင် သန်ချဆေး ရောနှောကျွေးမွေးပြီး နွားများ၏ သန်ကောင်ရောဂါနှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုကို လေ့လာသုတေသနပြု ဆောင်ရွက်နေမှု၊ မျိုးစိတ်ခွဲခြားမည့် ပျားများကို နမူနာကောက်ယူခြင်းနှင့် သုတေသနပြုလုပ်မည့်ပျားများကို ရွေးချယ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပျားမျိုးစိတ်ခွဲခြားနမူနာ ကောက်ယူခြင်းနှင့် ရွေးချယ်ဆောင်ရွက်နေမှုများနှင့် ယူရီးယားသကာတုံး ကျွေးမွေး၍ သန်ကောင်ရောဂါ နှိမ်နင်းနိုင်စွမ်း သုတေသနပြုလုပ်နေသည့် နွားများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် ဉာဏ်တောကျေးရွာအနီးရှိ သဖန်းချောင်း ရေလှောင်တမံနှင့် ပျော်ဘွယ်မြို့နယ် ဗောဓိကုန်း ကျေးရွာအနီးရှိ ချောင်းမကြီးရေလှောင် တမံတို့၏ တမံကြံခိုင်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက နှစ်အလိုက် ဆည်ရေဝင်ရောက်မှု၊ ရေသိုလှောင်နိုင်မှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှု၊ ပင်မတမံ ရေထုတ်ပြွန်နှင့် ရေပို့လွှဲ အဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှု၊ ဘူမိရူပ စူးစမ်းလေ့လာတိုင်းတာခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ဆည်ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးသည် ရေသောက်စနစ်အပေါ်တွင် များစွာတည်မီလျက် ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဆည်ရေသောက် တောင်သူများကိုယ်တိုင်ပါဝင်သည့် ရေသောက်မြောင်းများ ထိန်းသိမ်းရေး၊ စနစ်တကျ အသုံးပြုနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေး နှင့် အဖွဲ့ဝင်များအတွက် လိုအပ်သော အသိပညာများ ဆွေးနွေးဖြန့်ဝေပေးရေး လုပ်ငန်းများ ကိုပါ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်