ညောင်ဦး  ၅ အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှ ပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါး ၂၉၃ ဧက စိုက်ပျိုးပြီးစီး အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း သူကောင်းတည် လျှပ်စစ်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ)ကပြော ကြားသည်။

 

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဩဂုတ်လတွင် စတင်ပျိုးထောင် ခဲ့ကြောင်း၊ ပျိုးထောင်ပြီး ၂၁ ရက်သား ပျိုးပင်များအား လယ်ကွင်းအတွင်း ပြောင်းရွေ့စိုက်ပျိုး ကြကြောင်း သိရသည်။ သူကောင်းတည်မြစ်ရေတင်ဖြင့် ဆင်းသုခ၊ မနောသုခစပါးမျိုးတို့ တောင်သူများ စိုက်ပျိုးကြကြောင်း၊ သူကောင်းတည်မြစ်ရေတင်ဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း စနစ်လည်း စိုက်ပျိုးကြကြောင်း၊ တိုက်ရိုက် စပါးအစေ့ချစိုက် ပျိုးခြင်းသည် ပျိုးထောင်စိုက်ပျိုးခြင်းထက် အထွက်နှုန်း လျော့သော်လည်း စရိတ်စက၊ လူပင်ပန်းမှု အလွန်သက်သာကြောင်း မြစ်ရေဖြင့် စိုက်ပျိုးရခြင်းကြောင့် စပါးခင်းများကောင်း မွန်ကြကာ မရမှာလည်း မစိုးရိမ်ရကြောင်း အောက်ညဉ့်ကျေးရွာ စပါးစိုက်တောင်သူ ဦးသိန်းစိုးက ရှင်းပြသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန် အထိ တစ်ဧကစိုက်ပျိုး ရေသွင်းစရိတ် ၆၀၀၀ ကျပ် ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ်ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင် ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများက ရှင်းပြသည်။ မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀) ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးသိန်းစိုးကပြောသည်။

 

သူကောင်းတည်မြစ်ရေတင်ရေသည် သောက်သုံးရေအတွက်လည်း ကျေးရွာငါးရွာအား ရေလွှတ်ပေး ထားကြောင်း၊ ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ သူကောင်းတည် မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်၊ လောကနန္ဒာမြစ် ရေတင်လျှပ်စစ်မြစ်ရေတင် ငါးခုရှိကြောင်း ၊သူကောင်းတည်မြစ်ရေတင် တာဝန်ခံ ဦးလှပြုံး(ဦးစီးအရာရှိ)က ရှင်းပြ၍ သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း