နေပြည်တော် ၁၀ ဇွန်

 

သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်း (၅၃) ခုမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် Video Conferencing စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်း (၅၃) ခုသည် အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော သူနာပြုသားဖွားများကို မွေးထုတ်ပေးနေသည့်အတွက် ဤကျောင်းများ၏ အခန်းကဏ္ဍသည် နိုင်ငံ၏ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးကြီးပါကြောင်း၊ ထိုသို့မွေးထုတ်ရာ၌ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားမှု၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အဆင့်မြင့်မားမှုရှိပါက ဘက်စုံဖွံ့ဖြိုးသည့် သူနာပြုနှင့် သားဖွားဆရာမများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ သူနာပြုများ၊ သားဖွားဆရာမများကို လေ့ကျင့်မွေးထုတ်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်သာမက ကျင့်ဝတ်များ လိုက်နာဆောင်ရွက်မှု ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် သူနာပြုသားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်းများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း။

 

ယနေ့အစည်းအဝေးတွင် သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများကို စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သင်ကြားရေးနှင့် အုပ်ချုပ်စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုကောင်းမွန်စေရန်အတွက် မိသားစုသဖွယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရမည်ဖြစ်ပါကြောင်း။

 

ကျောင်းများ ပြန်ဖွင့်သည့်အခါ အဓိက ဆောင်ရွက်ရမည့်ကိစ္စမှာ ကျောင်းများ၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကိစ္စရပ်ပင်ဖြစ်ပါကြောင်း၊ လူတိုင်းသည် အချိန်တိုင်းတွင် အသက်ရှူနေရသည် ဖြစ်သည့်အတွက် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သည့် ဤ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ အခြားလမ်းကြောင်းများမှ ကူးစက်သည့်ရောဂါများနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားကူးစက်နိုင်ချေ ပိုမိုများပါကြောင်း၊ ကျောင်းအုပ်ကြီးများ အနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာတို့၌ ဖော်ပြထားသည့် အချက်အလက်များကို သေချာစွာ လေ့လာကာ မိမိတို့ကျောင်းများ၌ ပညာပေးနှိုးဆော်ခြင်း၊ ပိုစတာများ ကပ်ထားခြင်းတို့ကို ပုံမှန် ပြုလုပ်ရမည့်အပြင် သင်တန်းသူ/ သားများ လိုက်နာမှု ရှိ၊ မရှိကိုလည်း အမြဲတမ်းသုံးသပ်ကာ လိုအပ်သလို ပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုများ စိတ်ချကောင်းမွန်သည့် အချိန်အထိ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ကျောင်းအုပ်ကြီးများအနေဖြင့် ဤ ကိုဗစ်-၁၉ ရောဂါ၏ သဘောသဘာဝဖြစ်စဉ် (natural history of COVID-19) ကို ပြည့်စုံစွာမသိရှိသေးခြင်း၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော လူနာများ၏ ထက်ဝက်ခန့်သည် ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့သောသူများဖြစ်ခြင်း၊ ကိုဗစ်-၁၉ အတွက် တိကျပြတ်သားသည့် ကုထုံးများ မရှိသေးခြင်း၊ ရောဂါပျိုးချိန်ကာလ ကြာရှည်ခြင်း၊ ကူးစက်မှု မြန်ဆန်နိုင်ခြင်း စသည့်အချက်များကို သိရှိရန် လိုအပ်ပါကြောင်း၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုရန် ကျန်ရှိသော သင်တန်းသား/သူ (၈၇၂) ဦး စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် ဝန်ကြီးဌာန၏ သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများ၌ တက်ရောက်နေသည့် သူနာပြုသင် တန်းသား/ သူ (၉,၆၂၂) ဦးနှင့် သားဖွားသင်တန်းသူ (၆၃၈) ဦးရှိပါကြောင်း၊ အဆိုပါ သင်တန်းသား/သူများ သင်တန်းပြီးမြောက်ပြီး အလုပ်ခွင်သို့ ဝင်ရောက်သည့်အခါ လက်ရှိဝန်ကြီးဌာန၏ ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုနှင့်သားဖွားဆရာမများ၏ လုပ်ငန်းဝန်ပိနေမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် သူနာပြု၊ သားဖွားလောကတစ်ခုလုံး ဘက်စုံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ သူနာပြုလောကတွင် ပထမဦးဆုံးအကြိမ် အဖြစ်သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် သူနာပြု ဆရာမများထဲမှ ရာထူးအဆင့်ဆင့် တိုးမြှင့်ခဲ့သူတစ်ဦးကို ပါမောက္ခချုပ်အဖြစ် တာဝန်ပေးအပ်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သူနာပြုတက္ကသိုလ်၊ သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများအနေဖြင့် ပါဂူဘွဲ့သင်တန်းများ ပိုမိုတက်ရောက်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုသို့ပိုမိုတက်ရောက်နိုင်ရေး အခွင့်အလမ်းများကိုလည်း ပေးအပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ သုတေသနရန်ပုံငွေများကိုလည်း သိသာစွာတိုးမြှင့်ချထားပေးလျက်ရှိရာ တက္ကသိုလ်၊ သင်တန်းကျောင်းတိုင်းတွင် အသုံးချသုတေသနများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်နှင့် သင်တန်းကျောင်းများတွင် သင်ကြားသင်ယူမှုပုံစုံများ ပိုမိုကောင်းမွန်စေရေးအတွက် မွမ်းမံပြင်ဆင်သင့်သည်များရှိပါကလည်း မွမ်းမံကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုတက္ကသိုလ်၊ သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်းများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးတို့က ဆွေးနွေးပြောကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူး (သူနာပြု)၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

သတင်းစဉ်