မြစ်ကြီးနား         ဇွန်        ၂၈

 

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကချင်ပြည်နယ် မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ အရည်ချင်းစစ် စာမေးပွဲ အောင်မြင်ခဲ့ကြသော သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်းကို ဇွန် ၂၈ ရက် နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က “သူနာပြုတစ်ဦးရဲ့ ကျင့်ဝတ်နဲ့အညီ ပြုမူပြောဆို ကျင့်ကြံနေထိုင်ပြီး မိမိတို့ သစ္စာပြုခဲ့တဲ့ သူနာပြုသစ္စာ အဓိဋ္ဌာန်ပါအတိုင်း သင်ယူတတ်မြောက်ခဲ့တဲ့ သူနာပြုစုမှု အတတ်ပညာဖြင့် ပြည်သူများရဲ့ ကျန်းမာ‌ရေးကို အရည်အသွေးပြည့်ဝစွာ စောင့်‌ရှောက်မှုပေးနိုင်ရေး ကြိုးစားအားထုတ်ကြရန်” အမှာစကား ပြောကြားသည်။

 

ယင်းနောက် မြစ်ကြီးနား သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မခေါင်ထဇမီဆားမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းအကြောင်းနှင့် သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား သုံးဦးနှင့် သင်တန်းသူ ၇၉ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းကြသည်။ ဆက်လက်၍ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်းခံရသော သင်တန်းသား သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်နှင့် ကရုဏာအလင်း သီချင်းအား ရွတ်ဖတ်သီဆိုသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ပြီး သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် အရည်အချင်းစစ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)