ပခုက္ကူ ဖေဖော်ဝါရီ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ)၌ ၁၉၆၂ ခုနှစ်မှစတင်ပြီး လက်ရှိအချိန်ထိ သူနာပြု-သားဖွား အတတ်ပညာရှင်ပေါင်း ၁၈၂၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
ပခုက္ကူမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ)ကို ၁၉၆၂ ခုနှစ်တွင် ခရိုင်ပြည်သူ့ ဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် သားဖွားသင်တန်းကျောင်းအမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအမည်ဖြင့် လက်ရှိနေရာသို့ပြောင်းရွှေ့၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ သူနာပြု ဆရာမပေါင်း ၉၃၀၊ သားဖွားဆရာမပေါင်း ၈၉၆ ဦး စုစုပေါင်းသူနာပြု- သားဖွား အတတ်ပညာရှင်ပေါင်း ၁၈၂၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေအတွက်နှင့် အရည်အချင်းပြည့်ဝသော သူနာပြုဆရာ ဆရာမကောင်းများ ပေါ်ထွက်လာရေးနှင့် သင်ကြားသင်ယူမှုများ ထိရောက်ပြီး ဘက်စုံလွှမ်းခြုံသော ပညာရေးပတ်ဝန်းကျင်ဖြစ်ရေးတို့အတွက် သင်ရိုးညွှန်းတမ်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို ခေတ်နှင့်အညီ သုံးသပ်ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာရပ်များ အသုံးပြုပြီး ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုစုစောင့်ရှောက် ပေးနိုင်ရေးတို့အတွက် သူနာပြု-သားဖွားဒီပလို မာဆိုင်ရာ ဘာသာရပ်များကို သင်တန်းကာလ သုံးနှစ်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ပြုစုပျိုးထောင် ပေးလျက်ရှိပြီး အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးရှိ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီး များကလည်း လက်တွေ့ပိုင်းဆိုင်ရာများကို စနစ်တကျ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်အေးက ပြောသည်။
တက်ရောက်
လက်ရှိ ပခုက္ကူမြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ)တွင် အပတ်စဉ်(၂၁) တတိယနှစ်(Senior) ၄၆ ဦး၊ အပတ်စဉ် (၂၂) တတိယနှစ် (Junior) ၄၉ ဦး၊ အပတ်စဉ်(၂၃) ဒုတိယနှစ် ၄၅ ဦး၊ အပတ်စဉ် (၂၄) ပထမနှစ် ၄၈ ဦး စုစုပေါင်း သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား သင်တန်းသူ ၁၈၈ ဦး တက်ရောက်ပညာဆည်းပူး လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


