နေပြည်တော်၊ ၆ ဇန်နီဝါရီ

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ Access to Health Fund နှင့် Jhpiego – Johns Hopkins University Affiliate တို့ ပူးပေါင်းဆောင်ရွက်သည့် သူနာပြုနှင့်သားဖွား ဒီပလိုမာ (၃ နှစ်သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂ နှစ်သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားမည့် အစီအစဉ်မိတ်ဆက်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ဖြစ်စဉ်ကာလ၌ ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှုများရှိပြီး ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာ သင်ကြားရေးကဏ္ဍ၌လည်း ထိခိုက်မှုများစွာရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဖြစ်စဉ်ကာလအတွင်း၌ ဆေးနှင့်ဆေးပညာနှီးနွှယ်ပညာ တက္ကသိုလ် (၁၆) ခု၌ သင်ကြားမှုများ ခေတ္တရပ်ဆိုင်းထားရခြင်းကို အမြန်ဆုံးပြန်လည်စတင်နိုင်ရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုကောင်းမွန် တိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ခေတ်မီအီလက်ထရောနစ် နည်းပညာသုံး ပညာသင်ကြားမှုများလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ ခေတ်မီအီလက်ထရောနစ်နည်းပညာသုံး သင်ကြားသင်ယူမှုပုံစံကို အသုံးပြုရန်အတွက် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဆောင်ရွက်ပုံနည်းစနစ်များ သင်ကြားခြင်းနှင့် ကနဦးစမ်းသပ်ခြင်းလုပ်ငန်းများကို စီမံချက်ပုံစံဖြင့် ပြုလုပ်၍ စနစ်တကျ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သူနာပြုများနှင့် သားဖွားဆရာမများသည် ကျန်းမာရေးစနစ်တစ်ခု၏ အဓိကနယ်ပယ်ကြီး (၄)ခု ဖြစ်သော ပြည်သူများ၏ကျန်းမာရေး အဆင့်မြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးဟူသည့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအားလုံးတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့အတွက် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့်လည်း (၂၀၁၆) ခုနှစ်၊ ဧပြီလမှစ၍ အဓိကဦးစားပေး (၃)ခုတွင် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းပြီး၏ သူနာပြုနှင့် သားဖွားလောက ပိုမိုအဆင့်အတန်းမြင့်မားလာရေးကို ဦးတည်၍ အထူးအလေးထားကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတွင်လည်း သူနာပြုများနှင့် သားဖွားဆရာမများသည် ရောဂါကူးစက်ခံရနိုင်ချေ အန္တရာယ်ရှိသည့် ရှေ့တန်းနေရာမှ အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်နေသည်ကို ပြည်သူများအနေဖြင့်လည်း သိရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိ မှတ်တမ်းတင်အပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသော သူနာပြုနှင့်သားဖွားဆရာမ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလ မှစတင်ကာ နိုင်ငံတကာအဆင့်မီသင်ရိုး ညွှန်းတမ်းများ မွမ်းမံပြင်ဆင်ရေးဆွဲခြင်း၊ ခေတ်မီသင်ကြားသင်ယူမှု ပုံစံနည်းစနစ်များဖြင့်သင်ကြားစေခြင်း၊ သင်တန်းဝင်ခွင့်များ ပိုမိုတိုးမြှင့်ခေါ်ယူခြင်း၊ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ခေတ်မီသင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

(၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ သူနာပြုဆရာ/ဆရာမ (၇,၄၅၅) ဦး၊ သားဖွားဆရာမ (၃,၈၄၄) ဦးနှင့် အကူသူနာပြု (၉၃၀) တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လက်ရှိတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၅၃) ခုတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၉,၅၃၈) ဦးနှင့် သူနာပြုတက္ကသိုလ်များတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၁,၄၉၉) ဦးရှိပြီး အဆိုပါ သင်တန်းသား/သူများအတွက် သင်ကြားသင်ယူမှုလုပ်ငန်းများ အဆက်မပြတ်စေရေးသည် နိုင်ငံအတွက် အရေးကြီးပါကြောင်း၊  ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ သင်ကြားသင်ယူမှုများကို ဝန်ကြီးဌာန၏ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိခဲ့ပြီး ယခုအခါ အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများ၏ သင်ကြားသင်ယူမှု အစီအစဉ်များတွင် ထည့်သွင်းပေါင်းစပ်ကာ စတင်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သင်ကြားမှု ဗီဒီယိုများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် သက်ဆိုင်ရာ တက္ကသိုလ်များ၏ အင်တာနက်စာမျက်နှာများတွင် လွှင့်တင်ထားလျက်ရှိရာ သင်တန်းသား/သူများက သင်ယူလေ့လာနိုင်ရုံသာမက၊ ဆရာဝန်များ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေး ပညာရှင်များနှင့် သားဖွားဆရာမများက မြန်မာနိုင်ငံ နေရာအနှံ့မှ အင်တာနက် ကွန်ရက်အသုံးပြုကာ ပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို လေ့လာနိုင်သဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများအားပေးလျက်ရှိပါကြောင်း။

 

သူနာပြုတက္ကသိုလ်များမှ ပါမောက္ခများနှင့် ဆရာ/ဆရာမများအနေဖြင့်လည်းကောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၅၃) ကျောင်းမှ ဆရာ/ဆရာမများ အနေဖြင့်လည်းကောင်း ဘာသာရပ်ဆိုင်ရာ သင်ကြားမှု ဗီဒီယိုများ ပိုမိုရိုက်ကူးကာ လွှင့်တင်ထားကြရန်ကိစ္စကို ဦးစားပေးအဖြစ်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ သင်ကြားသင်ယူမှု လုပ်ငန်းများဆောင်ရွက်ရာတွင် သင်တန်းသား/ သူများ၏ သင်ခန်းစာအပေါ် နားလည်သဘောပေါက်မှုနှင့် သုံးသပ်ချက်အမြင်တို့ကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်ပြီး ပိုမိုနားလည် သဘောပေါက် လွယ်စေရေးအတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ရိုးညွှန်တမ်းများကိုလည်း ဆေးနှင့်ဆေးပညာ နှီးနွှယ်လောကရှိ ဘာသာရပ်အလိုက် နောက်ဆုံးပေါ် အချက်အလက်များ၊ တွေ့ရှိချက်များနှင့်အညီ အမြဲတမ်းမွမ်းမံပြင်ဆင်၍ သင်ကြားရမည်ဖြစ်ပါကြောင်း။

 

သင်ကြားသင်ယူမှုများပြုလုပ်ရာတွင် အပြန်အလှန်တက်ကြွစွာဆွေးနွေးခြင်း ပုံစံများဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ဘာသာရပ်သင်ခန်းစာများသင်ကြားရာတွင် သင်ခန်းစာအားလုံးအတွက် အချိန်တစ်ပြေးညီတည်းမဟုတ်ဘဲ တတ်ကျွမ်းရန်အရေးကြီးမှု အတိုင်းအတာအလိုက် သင်ကြားချိန်များကို ချိန်ဆဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားဆရာမများအား ဆေးရုံများတွင် လက်တွေ့သင်ကြားပြသရာတွင် ပိုမိုကောင်းမွန် တတ်မြောက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ ဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း၊ စာမေးပွဲများတွင်လည်း အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် ပုံစံဖြင့် မဟုတ်ဘဲ နားလည်သဘောပေါက်နိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကို စစ်မေးသည့် ပုံစံဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် စာအုပ်ဖွင့် ဖြေဆိုရသည့်စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုရသည့်စနစ် (take home exam) တို့ကိုလည်း ထည့်သွင်းကျင့်သုံးစေလိုပါကြောင်း။

 

ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းရည်များ ပိုမိုမြင့်မားစေရေး လုပ်ငန်းများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်များ ရရှိစေရေးအတွက်လည်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၌ လိုအပ်သည့် သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းများအား ဝန်ကြီးဌာနမှ ဆက်လက်၍ ဦးစားပေးအနေဖြင့် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ယခု အီလက်ထရောနစ် စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို အသုံးပြုရာ၌ တွေ့ကြုံနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို အမြဲတမ်းသုံးသပ်၍ ကျော်လွှားကြ ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အင်တာနက် အမြန်နှုန်းနှေးသည့် နေရာအနည်းငယ်၌လည်း ပုံစံတစ်နည်းဖြင့် ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည့်အတွက် အဆင်ပြေချောမွေ့မည်ဟု ထင်မြင်ပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လူတိုင်းလက် လှမ်းမီလွှမ်းခြုံပေးနိုင်သော ကျန်းမာရေးပန်းတိုင် (UHC) ကို ရရှိအောင် မြင်စေရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေသော သူနာပြုနှင့် သားဖွားဆရာမများ ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဦးစားပေး သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တာဝန်ရှိသူများ အနေဖြင့်လည်း စုစည်းညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ Jhpiego အဖွဲ့မှ Country Director Ms. Leah Thayer က သင်ကြားသင်ယူမှုကဏ္ဍတွင် E-Learning Platform ၏ အရေးပါမှုနှင့် Jhpiego အဖွဲ့မှ E-Learning Platform ဆောင်ရွက်နိုင်ရေး ပါဝင်ကူညီခဲ့မှုများအား ပြောကြားသည်။

 

ယင်းနောက် Nursing Now Myanmar Video Clip ကို ပြသသည်။

 

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က E-Learning Platform ၏ နောက်ခံအချက်အလက်များကို လည်းကောင်း၊ Jhpiego အဖွဲ့၏ Deputy Technical and Program Director ဒေါ်နန်းနန်းအောင်က E-Learning Platform ကို ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) မှ ကျောင်းအုပ်ကြီး ဒေါ်နုနုဇံက E-Learning Platform အသုံးချ သင်ကြားသင်ယူမှု အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် သူနာပြုတက္ကသိုလ်(မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သူနာပြုနှင့် သားဖွားသင်တန်းသူများ၊ UNFPA၊ UNICEF၊ Access to Health Fund နှင့် Jphiego အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

သတင်းစဉ်

 

mdn