ရန်ကုန် ၁၃ ဇူလိုင်
သူနာပြုတက္ကသိုလ် (ရန်ကုန်) ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်ကြား သင်ယူမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်နှင့် ဘွဲ့ကြို/ဘွဲ့လွန်များ မွေးထုတ် ပေးနိုင်မှုစသည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ပံ့ပိုးပေးရန် လိုအပ်မည့် အချက်များနှင့် စပ်လျဉ်း၍ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သူနာပြုတက္ကသိုလ် (ရန်ကုန်)နှင့် သူနာပြု ကဏ္ဍတစ်ခုလုံး ပိုမို တိုးတက်ဖွံ့ဖြိုးစေရန်၊ တက္ကသိုလ်၏ ပုံရိပ်ပိုမိုမြင့်မားစေရန်၊ တက္ကသိုလ်၏ ရှေ့လုပ်ငန်းစဉ် နှင့် လမ်းပြမြေပုံများ ရေးဆွဲချမှတ်သွားနိုင်ရန်တို့အတွက် ဆရာ/ဆရာမများ အပါအဝင် ဘက်ပေါင်းစုံမှ အကြံပြုချက်များရယူသွားမည်ဖြစ်ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် ဆရာဝန်များ၊ ဆေးနှီးနွှယ်ပညာရှင်များနှင့် ထပ်တူအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းများမှ ၂၀၁၉ခုနှစ်၊ အောက်တိုဘာတွင် သူနာပြု ၁၆၆၅ဦး၊ ၂၀၂၀ ခုနှစ်၊ မေတွင် ၈၇၇ ဦး၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာတွင် ၁၇၈၆ဦးနှင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာတွင် ၃၄၅၂ ဦးကိုလည်းကောင်း၊ သူနာပြု သိပ္ပံ သင်တန်းများမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သူနာပြု၃၀၇ ဦးနှင့် ၂၀၂၁ ခုနှစ်တွင် ၂၉၃ ဦးကိုလည်းကောင်း သင်ကြားမွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
သူနာပြုတက္ကသိုလ်တွင် ခေတ်နှင့်အညီ ဆီလျော်သည့် သင်ရိုးညွှန်းတမ်း၊ သင်ကြား သင်ယူမှုကို အထောက်အကူပြုသောပတ်ဝန်းကျင်၊ အထောက်အကူပြုပစ္စည်း၊ သင်ကြား သင်ယူမှုနည်းစနစ်များ၊ စာသင်ဆောင်၊ စာကြည့်တိုက်၊ စာအုပ်စာတမ်း စသည်ဖြင့် အဘက်ဘက်မှ ကောင်းမွန် ပြည့်စုံစေရေးဝိုင်းဝန်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လက်ရှိသင်တန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် အထူးပြု သူနာပြု သင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက် သွားစေလိုပါ ကြောင်း၊ အထူးပြုသူနာပြုများအနေဖြင့် သက်ဆိုင်ရာအထူးပြုဘာသာရပ် အလိုက် ကိုက်ညီသည့် ကုသဆောင်/ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေးကိုလည်း ဘက်စုံခြုံငုံ သုံးသပ်မှုများပြုလုပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆေးရုံများတွင် သူနာပြုများအလုပ်တာဝန်ထမ်းဆောင်ချိန်တွင် လွယ်ကူ ချောမွေ့စေရေးနှင့် သက်တောင့်သက်သာ နားနေရန်အခန်းနေရာများကိုလည်း ဖြည့်ဆည်း ပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကောင်းမွန်မှုမှသာတက္ကသိုလ်များမှ မွေးထုတ်သည့် သူနာပြုများအရည်အသွေးကောင်းမွန်မည်ဖြစ်သဖြင့် ဆရာ၊ ဆရာမ များ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
(၂၀၂၀-၂၁)ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရေးဆွဲရာတွင်လည်း သူနာပြုတက္ကသိုလ်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိ အမှတ်ပြု ပူးပေါင်းဆောင်ရွက်ရေးဌာန (WHO Collaborating Center) ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ လုပ်ငန်းများကို ထည့်သွင်းရေးဆွဲသွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မြတ်သန္တာကသူနာပြုတက္ကသိုလ် (ရန်ကုန်) ၏ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းအင်အား၊ သင်ကြားလေ့ကျင့်ပေးနေသော သင်တန်းအမျိုးအစားများ၊ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူဦးရေ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) Off-Campus Programတွင် ခေတ်မီအင်တာနက်ကွန်ရက်ကို အသုံးပြု၍သင်ကြားသင်ယူမှုများ၊ ဆောင်ရွက်နေသော လုပ်ငန်းများ၊ သုတေသနများ၊ တက္ကသိုလ်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်ရေးဌာန (WHO Collaborating Center) တွင် ဆောင်ရွက် နေသောလုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက စာတွေ့၊ လက်တွေ့နှင့် ကွင်းဆင်းသင်ကြားမှုတို့အတွက် လိုအပ်သည်များ၊ ဌာနအလိုက် လိုအပ်သည်များ၊ သင်ကြားမှုအထောက်အကူပစ္စည်းဆိုင်ရာလိုအပ်သည်များ၊ စဉ်ဆက် မပြတ် သူနာပြုပညာသင်ကြားရေးဆိုင်ရာနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ ရာထူး တိုးတက်ရရှိနိုင်သည့် အခွင့်အလမ်း၊ ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင်တွင် တာဝန်ထမ်း ဆောင်ရာ၌ တွေ့ရှိရသည့် အခက်အခဲတို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်ကို ဖြည့်ဆည်းပေးခဲ့ကာ အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်ရမည်များကိုလည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


