သူပြောလာသည့် လွတ်လပ်ရေးဖခင်ကြီးအကြောင်းနှင့် ပထမဦးဆုံးလွတ်လပ်ရေးနေ့

mdn

တွေ့ဆုံမေးမြန်း - ရဲခေါင်ညွန့်၊ နန္ဒာဝင်း၊ ဓာတ်ပုံ - ဖိုးထောင်

 

သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်အား တွေ့ဆုံ၍ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်အား တွေ့ဆုံ၍ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် ပထမဦးဆုံး လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းတို့နှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ကြောင်းနှင့် ပထမဦးဆုံး လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းတို့နှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ထုတ်နုတ်တင်ပြလိုက်ပါသည်။ kတ်နုတ်တင်ပြလိုက်ပါသည်။

 

မေး။ ။ အဘက ဗိုလ်ချုပ်အောင်ဆန်းကို သိမီခဲ့သူ သတင်းစာဆရာကြီးတစ်ဦးဖြစ်တာကြောင့် ဗိုလ်ချုပ်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ကို ဘယ်လိုမြင်တွေ့ခဲ့ရတယ်ဆိုတာ ပြောပြပေး စေလိုပါတယ်။ 

 

 

ဖြေ။ ။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဟာ ဗိုလ်ချုပ် ဖြ အောင်ဆန်းပေါ်လာလို့သာ ရလာတာ။ သူသာ မရှိရင် လွတ်လပ်ရေးက ဒီနေ့အထိ ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်အဖြစ်ရှိနေမှာပဲ။ ဗိုလ်ချုပ်ဟာ နိုင်ငံအတွက် မွေးဖွား ပေးတဲ့ လူတစ်ယောက်လို့ပြောရင် မှန်တယ်။ ကိုယ်ကျိုး လုံးဝမရှိတဲ့ ပုဂ္ဂိုလ်၊ ထမင်းစားတာ၊ ရေသောက်တာကအစ ကိုယ်ကျိုးအတွက် အခွင့်ထူးခံမရှိဘူး။ သူလိုချင်နေတာ သူ့အတွက် မဟုတ်ဘူး။ တိုင်းပြည်အတွက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဗိုလ်ချုပ်နဲ့ နိစ္စဓူဝ အထိအတွေ့များတယ်။ ဗိုလ်ချုပ်ကို အနားကပ်ပြီးတော့ လေ့လာခဲ့ရတယ်။ သူ့စရိုက်၊ သူ့စိတ်ထား၊ သူ့ဓလေ့ကို ကျွန်တော်တို့ ပိုသိတယ်။ အဲဒီအချိန်မှာ ကျွန်တော့် အသက်က ၂၀ လောက်ပဲရှိသလို ဗိုလ်ချုပ်ကို ပြန်ကြည့် တော့လည်း ၂၇ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော်နဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ပဲ ကွာတယ်။

 

ဒါပေမယ့် ဗိုလ်ချုပ်က စကားပြောတဲ့နေရာမှာ ပြတ်သားကြမ်းတမ်းသလောက် ဆက်ဆံတဲ့နေရာမှာ အင်မတန် ယဉ်ကျေးတယ်၊ နူးညံ့တယ်။ တွေးခေါ်တဲ့ နေရာမှာတော့ အင်မတန်ပြတ်သားတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ကျွန်တော်တို့က သူ့ထက်ငယ် ပေမယ့် ခင်ဗျား၊ ကျွန်တော်ပဲ ပြောတယ်။ ဒါကြောင့် ပိုပြီးချစ်ရတယ်၊ လေးစားရတယ်။

 

လွတ်လပ်ရေးအတွက် အထောက်အပံ့ 

 

နောက်ဗိုလ်ချုပ်မှာက လျှို့ဝှက်ထားတာ မရှိဘူး။ သွားတယ်၊ လာတယ်၊ ခရီးထွက်တယ်။ အကုန်ပြောပြတယ်။ သတင်းရေးလို့ရအောင်လည်း ပြောပြတယ်။ အဲဒီတော့ ကျွန်တော်တို့ရေးတဲ့ သတင်းတွေကလည်း သူ့အတွက် ဆိုတာထက် တိုင်းပြည်လွတ်လပ်ရေးအတွက် အထောက် အပံ့တွေဖြစ်ခဲ့တယ်။ 

 

သမိုင်းမှာ အန်မတန်ထင်ရှားခဲ့တဲ့ အင်းစိန်ခရိုင် ထန်းတပင်မြို့နယ်က သေနတ်ပစ်မှုဆိုရင် နယ်ချဲ့ လက်ပါးစေတွေရဲ့ အရက်စက်ဆုံးနဲ့ အရိုင်းစိုင်းဆုံး သေနတ်ပစ်မှုဖြစ်တယ်။ အဲဒီမှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် တောင်သူလယ်သမားတွေသေတယ်။ ဒဏ်ရာရကြတယ်။ အဲဒီ အသုဘဈာပနအခမ်းအနားကို ဗိုလ်ချုပ်ကိုယ်တိုင် ထန်းတပင်မြို့နယ်ကိုသွားပြီး သင်္ဂြိုဟ်တယ်။ အဲဒီအခမ်း အနားဟာ လူထုပရိသတ် အစည်ကားဆုံးဖြစ်ခဲ့တယ်။ ရန်ကုန်၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ကမာရွတ်၊ အင်းစိန် စတဲ့နေရာတွေကလာတဲ့လူအုပ်က မှော်ဘီကနေ ရွှေလီကြီးဘက်ကို ဆင်းတယ်။ မှော်ဘီကနေ ရွှေလီကြီး လေးမိုင်ခွဲလောက်က လူအုပ်နဲ့ ပြည့်ကျပ်နေတယ်။ ဟိုဘက်မှာလည်း အိုင်ကလောင်ကျွန်း၊ ဘောလယ်ကျွန်းက တောင်သူလယ်သမားတွေ အပြည့်လာတယ်။ အဲဒီဈာပန အခမ်းအနားကို ၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်း မတ်လ လောက်ဖြစ်မယ်ထင်တယ်။ ထန်းတပင်မြို့ဦးမှာရှိတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းမှာ လုပ်တယ်။

 

 ဗိုလ်ချုပ်စကားပြောဖို့ စင်ထိုးထားတယ်။ ပရိသတ်က အပြည့်ပဲ။ အဲဒီမှာ ဗိုလ်ချုပ်သွားလာပုံကို ပြောပြမယ်။ ရဲတပ်ဖွဲ့က လေး၊ ငါး၊ ခြောက်ယောက်သာ စီးလို့ရတဲ့ ယူဘီယူဘုတ်နဲ့ ဗိုလ်ချုပ်ကို ကူးပေးတယ်။ လှေတွေ၊ သမ္ဗန်တွေ ဖျောက်ထားတယ်။ ဗိုလ်ချုပ် ဟိုဘက်ကမ်း ကူးတဲ့အချိန် ကျွန်တော်ရယ်၊ သံတော်ဆင့်သတင်းစာ သတင်းထောက် ကိုအေးမြင့်ရယ် ဟိုဘက်ကမ်းကူးတယ်။ ကိုအေးမြင့်ဆိုတာ နောက်ပိုင်းမှာတော့ ပြည်ထောင်စု ကျော်နိုင်ဆိုပြီး ရုပ်ရှင်လောကမှာ ထင်ရှားခဲ့တဲ့သူပါ။ ဗိုလ်ချုပ်က သူ့မော်တော်ဘုတ်မှာ ကျွန်တော်တို့ကို တင်ခေါ်သွားလို့ ရောက်တာပါ။ အဲဒီမှာ ဗိုလ်ချုပ်က မိန့်ခွန်းပြောတယ်။ ဒါဟာ သမိုင်းဝင် မိန့်ခွန်းပါ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိနဲ့ပတ်သက်ပြီးရေးကြတဲ့ ပုဂ္ဂိုလ်အများစုဟာ ဒီအကြောင်းအရာကို ရေးကြတာ ကျွန်တော်မတွေ့ရဘူး။ ဒါဟာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။ 

 

အဲဒီမှာ လူထုပရိသတ်အများကြီးထဲမှာ ဗိုလ်ချုပ်က ဘာပြောသလဲဆိုရင် “ကျုပ်တို့လွတ်လပ်ရေးကို တောင်းယူ လို့ရမှာ မဟုတ်ဘူး၊ တိုက်ယူမှရမယ်။ ဒီလိုတိုက်လို့ရအောင် လိုအပ်တဲ့လက်နက် အသင့်ပြင်ထားကြ”လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်နဲ့ ကိုအေးမြင့်က သတင်းယူပြီး ကျန်တဲ့သတင်းစာတွေထဲလည်း ဖြန့်ပေးတာပေါ့။ အဲဒီ တုန်းက ရန်ကုန်မှာ သတင်းစာတိုက်များသေးတယ်။ အဲဒါကို သတင်းစာတွေထဲမှာ ရေးထည့်လိုက်တဲ့အခါ နောက်နှစ်ရက်ကြာတော့ ဘုရင်ခံက ဗိုလ်ချုပ်ကို ဖိတ်တယ်။ ဖိတ်ခေါ်ပြီးတော့ ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲမှာ ဗိုလ်ချုပ်ကို ဒုတိယသဘာပတိအဖြစ်ပေးတယ်။ ဘုရင်ခံ ကတော့ သဘာပတိပေါ့။ ဗိုလ်ချုပ်က အဲဒါကိုလက်ခံပြီး ဗိုလ်ချုပ်အစိုးရအဖွဲ့ထဲ ပါလာတယ်။

 

 

အနာဂတ်အရေး ဆွေးနွေး 

 

၁၉၄၇ ခု နှစ်ဆန်းပိုင်းမှာ အင်္ဂလန်ကနေ ဗိုလ်ချုပ်ဆီ ဖိတ်စာရောက်တယ်။ ဗမာပြည်ရဲ့ အနာဂတ် အရေး ဆွေးနွေးဖို့အတွက်ပေါ့။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ပေါ့။ အဲဒီမှာ ဗိုလ်ချုပ် အင်္ဂလန်သွားတယ်။ အင်္ဂလန်ကို လွတ်လပ်ရေးအတွက် သွားဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်မှာ ဘာမှမပါဘူး။ ဝတ်စရာ အင်္ကျီတောင်မရှိဘူး။ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာမယ့် နေရူးက ချုပ်ပေးလို့သာ ဝတ်စရာ ကုတ်အင်္ကျီရလာတာ။ အဲဒီတုန်းက နန်းရင်းဝန် အက်တလီဦးစီးတဲ့အစိုးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ဗမာပြည်ခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဲဒီလ ၂၇ ရက်နေ့မှာ အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဒါဟာ ဗမာပြည်လွတ်လပ်ရေးရဖို့အတွက် ပထမဆုံးစာချုပ်ဖြစ်တယ်။ အဲဒီစာချုပ်အရ ဗိုလ်ချုပ် ကြိုးစားခဲ့တဲ့ လွတ်လပ်ရေးရတယ်။ 

 

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးအတွက် အသေးစိတ် အကွက်စေ့စေ့ ဆောင်ရွက်သွားတာတွေ့တယ်။ တိုင်းပြည် လွတ်လပ်ဖို့အတွက် အဓိကလိုအပ်တဲ့ အခြေခံဥပဒေ ရေးဆွဲဖို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော်ကို ဗိုလ်ချုပ် ကျင်းပတယ်။ ရွေးကောက်ပွဲတွေ လုပ်တယ်။ အဲဒီမှာ ဖဆပလ အနိုင်ရတယ်။

 

 ဖဆပလရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော် ပြောရဦးမယ်။ အဲဒီတုန်းက ဗိုလ်ချုပ်က မဲပုံးမှာ သူ့ဓာတ်ပုံ ကပ်ခိုင်းတယ်။ အနီရောင်စက္ကူပေါ်မှာ အဖြူရောင်ကြယ် တစ်ပွင့်နဲ့ ဗိုလ်ချုပ်ပုံပါတယ်။ အဲဒီပုံနဲ့ မဲဆန္ဒနေရာတိုင်းမှာ ယှဉ်ပြိုင်ခိုင်းတယ်။ ဗိုလ်ချုပ်က ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ အချောင်သမား စားဖားတွေ မဲမပေးနဲ့၊ ကျုပ်ကိုယ်စားလှယ်တွေကို မဲပေးရင် မြန်မြန်လွတ်လပ်ရေး ရလိမ့်မယ်။ ကျုပ်ဓာတ်ပုံနဲ့ ပုံးပါရင် ကျုပ်တို့ မဲပုံး၊ ခင်ဗျား တို့ မဲပေးပါဆိုပြီး မဲဆန္ဒတောင်းတယ်။ အဲဒီရွေးကောက်ပွဲ မှာ ဗိုလ်ချုပ်ဦးစီးတဲ့ ဖဆပလ က အများဆုံးအနိုင်ရတယ်။ ဒုတိယက ကွန်မြူနစ်ပါတီ၊ တစ်သီးပုဂ္ဂလက သုံး၊ လေးယောက်လောက်ပဲ။ အဲဒီကနေ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွေ ကျင်းပတယ်။ အဲဒီကနေ အခြေခံဥပဒေကို ရေးဆွဲတယ်။

 

လွတ်လပ်ရေးရဲ့ ဖခင်ကြီး 

 

ဖဆပလ ပထမပြင်ဆင်မှုညီလာခံ ဂျူဗလီဟောမှာ လုပ်ပြီးတော့ ၁၁၁ ဦးပါဝင်တဲ့ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဖွဲ့တယ်။ အဲဒီကော်မတီကနေ အခြေခံဥပဒေ ရေးဆွဲတယ်။ အဲဒီဥပဒေကနေ ဗမာပြည်လွတ်လပ်ရေး ရပါတယ်။ ဗိုလ်ချုပ်က လွတ်လပ်ရေးအတွက် အစ၊ အဆုံး အရပ်စကားနဲ့ပြောရင် ခူးပြီး၊ ခပ်ပြီး၊ ချက်ပြုတ်ပြီး အဆင်သင့်ကျွေးခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကျုပ်တို့က ဗိုလ်ချုပ်စီစဉ် ခဲ့တာကို ပါးစပ်လေးဟပြီး အဆင်သင့်စားတဲ့ လူတွေ ပါ။ ဒါကြောင့် ဗိုလ်ချုပ်ကို လွတ်လပ်ရေးရဲ့ ဖခင်ကြီးဆိုပြီး သမိုင်းမှာ ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ National Leader  (အမျိုးသားခေါင်းဆောင်) ဖြစ်တယ်။ ဗိုလ်ချုပ်ရဲ့လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ ဒီကနေ့အထိပြောရရင် မကုန်နိုင်ပါဘူး။ 

 

ဗိုလ်ချုပ်လမ်းစဉ်အရသာ သွားမယ်ဆိုရင် ကျွန်တော် တို့တိုင်းပြည် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတော် တိုးတက်နေပါပြီ။ လွတ်လပ်ရေးရခါစအခြေအနေကို ပြန်ကြည့်ရင် ကျွန်တော်တို့တိုင်းပြည်ဟာ ထိုင်းနိုင်ငံထက် လည်း သာတယ်။ စင်ကာပူထက်လည်း သာတယ်။ အရှေ့ တောင်အာရှမှာ ဦးဆောင်နိုင်ငံဖြစ်ခဲ့တယ်။ နောက်ပိုင်း ဖဆပလ ကွဲပြီးတော့ တပ်မတော်အစိုးရတက်လာပြီး နောက်ပိုင်း ကျဆုံးခဲ့တာ ဒီကနေ့အထိ အဖတ်ဆယ်လို့ မရသေးပါဘူး။ 

 

ကျွန်တော်တို့တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ အကောင်အထည်ဖော်ခဲ့တယ်။ ဗိုလ်ချုပ်လိုချင်တာလည်း ဒီမိုကရေစီပဲ။ တိုင်းပြည်ကလည်း ဒီမိုကရေစီပဲ။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်သွားနေတဲ့ နိုင်ငံရဲ့အဟုန်မှာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာ တယ်။ သူလည်းပဲ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားနေတယ်။ သူတာဝန်ယူရတဲ့အပိုင်းတွေသည် ငြိမ်းချမ်း ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အဲဒီ အချက်တွေကို သူတို့ဦးတည်ပြီးလုပ်နေတာ ဖြစ်ပါတယ်။

 

လွတ်လပ်ရေးအရသာ 

 

ဒါတွေရမှလည်း တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးအရသာကို အပြည့်အဝခံစားနိုင်ဖို့ရာ သေနတ်သံတစ်ချက်မကြားရ၊ ဓားပြတိုက်မခံရ၊ ခါးပိုက်နှိုက်မခံရတဲ့ လုံခြုံရေးအပြည့်အဝ ရှိတဲ့၊ ဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့ရာအတွက် ဒီကနေ့ အစိုးရ ကြိုးပမ်းနေတယ်လို့ ကျွန်တော်မြင်တယ်။ ရောက်တယ်၊ မရောက်ဘူးဆိုတာက ခင်ဗျားတို့၊ ကျွန်တော်တို့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ တစ်တွေ စိတ်ဝမ်းကွဲပြီး တစ်ယောက်တစ်မျိုး လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်တော့မှလည်း ထူထောင်နိုင်မှာ မဟုတ် ဘူး။ ဘယ်တော့မှလည်း ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။

 

၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၆၃ နှစ်တိတိ ကြာခဲ့တဲ့ အချိန်ကာလမှ လွတ်လပ်ရေး ရတယ်။ အဲဒီ ၁၈၈၅ ခုနှစ် ဟိုဘက်ကို ပြန်ကြည့်မယ် ဆိုရင် တိုင်းပြည်ဟာ စည်းစည်းလုံးလုံးမရှိ၊ ဖရိုဖရဲနဲ့ ပျက်ပြားပြီး သူတစ်လူ ငါတစ်မင်း ကျွန်ဇာတ်ခင်းနေတဲ့ ကာလ ဖြစ်တယ်။ သီပေါမင်းပါတော်မူပြီးတဲ့အချိန်ကစ ပြီး ဒီဘက် တောက်လျှောက် တိုင်းရင်းသားမျိုးချစ်ပုဂ္ဂိုလ် တွေ လူမျိုးဘယ်လိုကွဲကွဲ ရှမ်း၊ ကရင်၊ ကချင် စတဲ့ အုပ်စုလိုက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ရရာလက်နက်စွဲပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကို တော်လှန် ခဲ့ကြတယ်။ အဲဒီမှာလည်း တိုင်းရင်းသားတွေရဲ့ အသက် သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးကို ကြိုးပမ်းနေကြတဲ့ အမျိုးသား ခေါင်းဆောင်ကြီးတွေ အသက်စွန့်လွှတ်ပေးဆပ်ခဲ့ရ ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ လွတ်လပ်ရေးရတာပါ။

 

နှစ်ပေါင်း ၁၂၀ ကျော် ကာလတစ်လျှောက် ကျွန်တော်တို့ ကျွန်သပေါက် ဖြစ်ခဲ့ရပါတယ်။ ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုရင် ကျွန်တော်တို့ကို အင်္ဂလိပ်မျက်နှာဖြူတွေက ဆက်ဆံတာက မောင်မင်း နောက်မှာ (င) ထပ်ထည့်ပြီး ငအုန်းကြိုင် အဲဒီလို ခေါ်ပါ တယ်။ အင်္ဂလိပ်အရှင်သခင်တွေကို ဘုရားလို့ ထူးရပါ တယ်။ အင်္ဂလိပ်အရှင်သခင်တွေရဲ့ရုံးကိုသွားရင် ဖိနပ်ချွတ် ရပါတယ်။ ဒီလောက်အထိ ကျွန်တော်တို့ သပေါက်ဘဝကို ကျရောက်ခဲ့ရတာ။ ဒီလိုအဖြစ်ဆိုးတွေကို ရဲရဲဝံ့ဝံ့နဲ့ စွန့်စွန့်စားစားတိုက်ဖို့ ဗိုလ်ချုပ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်လို လူမျိုးဟာ ကိုယ်ကျိုးမဖက်၊ နိုင်ငံ့အတွက် သက်သက်လုပ်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

 

 (ဆက်လက်ဖော်ပြပါမည်)