သူပြောလာသည့် လွတ်လပ်ရေးဖခင်ကြီးအကြောင်းနှင့် ပထမဦးဆုံးလွတ်လပ်ရေးနေ့

တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်၊ နန္ဒာဝင်း၊ ဓာတ်ပုံ-ဖိုးထောင်

 

1

 

သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်အား တွေ့ဆုံ၍ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် ပထမဦးဆုံး လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းတို့နှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ထုတ်နုတ်တင်ပြလိုက်ပါသည်။

(ယမန်နေ့မှအဆက်) 


မေး။ ။ အဘ ဗိုလ်ချုပ်နဲ့သတင်းလိုက်တဲ့အခါမှာ မြင် မး။ ။ အဘ ဗိုလ်ချုပ်နဲ့ သတင်းလိုက်တဲ့အခါမှာ မြင်တွေ့ရတဲ့ ဗိုလ်ချုပ်ရဲ့ ပကာသနမပါတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး မှတ်မိသလောက် ပြောပြပေးပါ။

 

ရိုးရိုးရှင်းရှင်းဗိုလ်ချုပ်

ဖြေ။ ။ ကျွန်တော်ဆို ဖြစ်ကတတ်ဆန်း ဝတ်တတ်တယ်၊ အဝတ်အစား သိပ်လည်းမမက်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို မမီပါဘူး။ ကျွန်တော်တို့ထက် သူက ပိုဆိုးတယ်။ ဘာမှဆို ဘာမှမက်တဲ့သူမျိုး မဟုတ်ဘူး။ အိမ်မှာနေရင် အောက်က စစ်ရောင်စွပ်ကျယ်လက်ပြတ် လေးဝတ်ကာ အညာဖျင်ပုဆိုးနဲ့ တိုတိုတုတ်တုတ်ဝတ်ပြီး နေတတ်တဲ့သူ။ ဘာအလုပ်မှ မရှိဘူးဆိုရင် ပေါက်တူးဆွဲပြီး ခြံထဲဆင်း မြေပေါက်နေတယ်။ ချဉ်ပေါင်ပင် စိုက်တယ်။ ရုံးပတီပင်စိုက်တယ်။ ခရမ်းသီးစိုက်တယ်။ အဲဒီလို လျှောက်လုပ်နေတယ်။ ဘာမှဟိတ်ဟန်ထုတ် အဆောင်အယောင်မရှိဘူး။ ပြောမယ်ဆိုရင် ဗိုလ်ထွန်းလှတို့၊ ဒေါ်ခင်ကြည်တို့ အင်မတန်တိုက်တွန်းတော့မှ ဝတ်တာပါ။

 

တစ်ခုတော့ရှိတယ်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့တော်ခန်းမ စင်ဝင်ပေါ်ကနေ ရှေ့မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံ တစ်ဝိုက်မှာရှိတဲ့ လူထုကို သူမိန့်ခွန်းပြောတယ်။ နောက်ပြီး တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတက်တယ်။ အဲဒီနေ့မှာ သူဝတ်တာ အလှဆုံး၊ နောက်ပြီး လုပ်ကြံခံရတဲ့နေ့မှာ ဝတ်တာအလှဆုံး။ အဲဒီတုန်းက မန္တလေးပိုးလုံချည် တောင်ရှည် ရွှေဖလားရောင်ကို ဝတ်တယ်။ ရှူးဖိနပ်ကို ပြောင်လက်နေအောင်တိုက်ပြီး စီးတယ်။ မောင့်ကျက်သရေ ခေါင်းပေါင်း ဆောင်းတယ်။ ဖက်ဖူးရောင်လေး၊ အင်္ကျီက ပိုးအဖြူအင်္ကျီဝတ်ထားတယ်။ တောင်ရှည်ပုဆိုးကို လက်နဲ့ပိုက်ပြီး ဘောက်ဆတ် ဘောက်ဆတ်နဲ့ လမ်းလျှောက်တယ်။ ဒါမှတ်တမ်းထဲလည်း ရှိပါတယ်။ အဲဒီအချိန် တစ်ချိန်နဲ့ လုပ်ကြံခံရမယ့်နေ့ အိမ်က ထွက်လာတော့ မန္တလေးပိုး လုံချည် အဝါနုရွှေဖလားရောင်နဲ့ အပေါ်အင်္ကျီတိုက်ပုံ အဖြူလေး ဝတ်ထားတယ်။ ကြော့နေတာပဲ၊ အဲဒီနေ့က။ ဆံပင်ကလည်း ညှပ်ပြီးခါစ၊ အဲဒီလို လာတာတွေ့ရတယ်။ အဲဒီနှစ်ရက်ပဲ သန့်သန့်ရှင်းရှင်း ပြောင်ပြောင်လက်လက် ဝတ်တာ ကျုပ်တွေ့ရတယ်။

 

ကျန်တာ ဖြစ်သလိုပဲနေတယ်။ အဝတ်အစားအပေါ်မှာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ဝတ်ဖို့ အချိန်မရှိဘူး။ ဆက်တိုက် အလုပ်များတယ်။ တိုင်းပြည်အတွက် ၂၄ နာရီလုံး သူစဉ်းစားပြီး အလုပ်လုပ်နေရတယ်။ သူ့ကြည့်လိုက်ရင် နားနေတယ် မထင်နဲ့၊ ကုလားထိုင် ပေါ်မှာ ခြေထောက်တစ်ချောင်း ထောင်ထိုင်ပြီး ငိုင်နေတယ်။ စိတ်ညစ်လို့ တွေဝေနေတယ်မထင်နဲ့၊ သူစဉ်းစား နေတာ။ ပြီးရင် အစီအစဉ်တွေကို သူကောက်ပြီး အကောင်အထည်ဖော်တာပဲ။

 

ဗိုလ်ချုပ်ရဲ့ပုံစံ၊ ဗိုလ်ချုပ်ရဲ့ဟန်က လှလှပပ တန်ဆာဆင်ဖို့လည်း အချိန်မရှိပါဘူး။ အချိန်နဲ့အမျှ တိုင်းပြည်လွတ်လပ်ရေး အတွက်ပဲ သူစဉ်းစားတယ်။ လွတ်လပ်ရေးအတွက်ပဲ သူ့ခေါင်းထဲမှာရှိတယ်။ ကျန်တာမရှိဘူး။ ဒါကြောင့်လည်း အမျိုးသား သူရဲကောင်း ဖြစ်တာပေါ့။ National Hero ဆိုတာ သာမန်လူ မဖြစ်ပါဘူး။ ဒီနေရာကို လိုချင်လို့လည်း မရကြပါဘူး။ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်။ တကယ်တမ်းလုပ်ကြည့်ရင် အင်မတန်ရှားပါတယ်။ နိုင်ငံ့ခေါင်းဆောင် အမျိုးသားသူရဲကောင်းဖြစ်ဖို့ဆိုတာ စွန့်ခြင်းကြီးတွေနဲ့ပြည့်စုံမှဖြစ်တယ်လို့ ကျွန်တော် ပြောချင်တယ်။ အဲဒီလို ကိုယ်ကျိုးမဖက် အနစ်နာခံပြီး စွန့်လွှတ်သွားတဲ့ ပုဂ္ဂိုလ်၊ သူမတူတဲ့သူ အစားထိုးမရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှာ လှလှပပဝတ်ဖို့ အချိန်မရှိခဲ့ဘူး။

 

မေး။ ။ ဒီနေ့ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြဲပုတ် နံပြားရရင် စားချင်တယ်ဆိုတဲ့ စကားကလည်း ဗိုလ်ချုပ်ရဲ့ အစားအသောက် အနေအထိုင်ရိုးရှင်းပုံကို ဖော်ပြနေတယ်။ အဲဒီအပေါ် မှတ်မိသလောက်လေး ပြောပြပေးပါ။

ထမင်းကြမ်းနဲ့ ပဲပြုတ်ကြိုက်သူ ဗိုလ်ချုပ်

ဖြေ။ ။ ဒီကိစ္စမှာပြောချင်တယ်။ သမိုင်းမှာ အမှန်ဖြစ်ချင် ဖြစ်တယ်။ ဗိုလ်ချုပ်က အညာသားဗျ၊ ရိုးသားတယ်။ ပွင့်လင်းတယ်။ စင်ကြယ်တယ်။ အဲဒီအတွက် စားတာသောက်တာလည်း ဒီအတိုင်းပဲ ရိုးရိုးသားသားပဲရှိတယ်။ သူများလို ဟိုတယ်က ကိတ်မုန့်စားချင်တယ်။ စင်ကာပူက ရေခဲမုန့်စားချင်တယ်လို့ ပြောတဲ့သူမျိုးမဟုတ်ဘူး။ ဗိုလ်ချုပ်ပြောတာက “ကြည်ရေ ဒီအချိန်မှာ ထမင်းကြမ်းနဲ့ ပဲပြုတ်လေးကို ပဲဆီလေးဆမ်းပြီး စားရရင်ကောင်းမယ်” လို့ရေးပြီး အောက်က အောင်ဆန်းလို့ လက်မှတ်ရေးထိုးတယ်။ ဟေ့ကောင် ထွန်းလှရော့ မင်းအစ်မသွားပေးဆိုပြီး သွားပေးခိုင်းတယ်။ အဲဒီအချိန် ကျွန်တော်ဘေးမှာ ရှိတယ်။ ဒေါ်ခင်ကြည်က ကြွေရည်သုတ်ဇလုံထဲမှာ ပဲပြုတ်နဲ့ ထမင်းကြမ်းနယ်ပြီး အဲဒီတုန်းက အခုစားနေတဲ့ ဇွန်းတွေ မပေါ်သေးဘူး။ မရှိသေးဘူး။ စစ်အတွင်းက လေယာဉ်ပျက်တွေ၊ သတ္တုတွေကို အရည်ကျိုပြီး မြေကြီးပေါ်မှာ ပုံသွန်းပြီး လောင်းရတဲ့ဇွန်းတွေ၊ အဖုအထစ်တွေနဲ့ အဲဒီလိုဇွန်းမျိုး တပ်ထားတယ်။ အဲဒါနဲ့ ခပ်စားတယ်။ စောစောကပြောတဲ့ ဘုရင်ခံအိမ်က ဖိတ်ကြားလို့ သွားတယ်။ အင်္ဂလန်က ဗြိတိသျှနန်းရင်းဝန် အက်တလီက ဗမာပြည်ရဲ့ အနာဂတ်အရေး ဆွေးနွေးချင်လို့ အောင်ဆန်းနဲ့တကွ ခေါင်းဆောင်တွေ အဲဒီအချိန်မှာ သူကောက်ရေးတဲ့စာ ဖြစ်ပါတယ်။ သူထိုင်တဲ့ ကုလားထိုင်တောင် စစ်အတွင်းက သိမ်းထားတဲ့ ကြိမ်ကုလားထိုင်၊ ဆက်တီ နှစ်ယောက်ထိုင်ခုံ ဖြစ်ပါတယ်။ တစ်ဖက်ထိုင်ခုံက ပေါက်နေတယ်။ ဘာမှ ခမ်းခမ်းနားနား မရှိဘူး။

 

2

 

မေး။ ။ ဗိုလ်ချုပ်နဲ့ သတင်းထောက်တွေနဲ့ ဆက်ဆံရေးကို ပြောပြပေးပါ။

 

ဖြေ။ ။ ဗိုလ်ချုပ်က သတင်းစာကို အင်မတန် လေးစားတယ်။ သတင်းထောက်တွေကို အင်မတန်ခင်တွယ်တယ်။ ချစ်ခင်တယ်။ ညီအစ်ကိုလိုပဲ ပွင့်ပွင့်လင်းလင်းဆက်ဆံတယ်။ အစည်းအဝေးသွားမယ်၊ သူတစ်ခုခု ဆောင်ရွက်တော့မယ်ဆိုရင် ကြိုပြီး ပြောတယ်။ “ခင်ဗျားတို့ လိုက်မလား၊ မလိုက်နိုင်ရင် စောင့်နေ၊ ကျုပ်ပြန်လာရင်ပြောမယ်” ဆိုပြီး သူပြန်ပြီးတဲ့နောက် တယ်လီဖုန်းဆက်ခေါ်ပြီး သူဆောင်ရွက်ခဲ့တာတွေကို ပြောတာပဲ။ ကျွန်တော်တို့က လိုက်မယ်ဆိုလည်း လိုက်သွားတာပဲ။ ဗိုလ်ချုပ်က ကျွန်တော်တို့ သတင်းစာသမားတွေကို အမြဲလက်တွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို လက်တွဲရမှာ ဖြစ်ပါတယ်။ ဒီတန်ဖိုးကို ဗိုလ်ချုပ် နားလည်တယ်။ ဒါမှလည်း သူ့ဆောင်ရွက်ချက်တွေကို ပြည်သူသိမှာ။ သတင်းစာသမားက ပြည်သူသိအောင် ဖော်ဆောင် ပေးရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဗိုလ်ချုပ်က ဒါကို နားလည်တယ်။

 

ကျွန်တော်တို့နဲ့ ဗိုလ်ချုပ်နဲ့တွေ့တဲ့ အရေးကြီးတဲ့ Press Conference ၁၂ ကြိမ်၊ ၁၃ ကြိမ်လောက်ပဲရှိမယ်။ ကျန်တာက သွားရင်းလာရင်း ဒီလိုပဲ ပြောသွားကြတာ ဖြစ်ပါတယ်။ နောက်ဆုံး သတင်းစာအပိုင်းကတော့ လွတ်လပ်ရေးရတော့မယ့် ကာလလည်း ဖြစ်တယ်။ အင်္ဂလန်မှာ ဆွေးနွေးနေတဲ့ ကာလလည်းဖြစ်တဲ့အတွက် ဒီအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ပဲ သူရှင်းပြတာပါ။ အားလုံးက အောင်မြင်နေပါပြီ။ အဲဒီကာလပဲ ဖြစ်ပါတယ်။

 

မေး။ ။ ဗိုလ်ချုပ်နဲ့ သတင်းလိုက်တဲ့အချိန်က မှတ်မှတ်ရရ အတွေ့အကြုံလေးရှိရင်လည်း ပြောပြပေးပါ။

 

ဖြေ။ ။ ကျွန်တော်တို့ ပင်လုံသွားတဲ့အချိန် ဗိုလ်ချုပ်ကားပေါ်မှာ ဦးပုလေးပါတယ်။ အမေရိကန် စစ်တပ်ကပေးတဲ့ သူ့ရဲ့ ဘက်ဖို့ကားလေးဆိုတော့ သိပ်ပြီး လူပါလို့မရဘူး။ ကျွန်တော်တို့က သတ်သတ်နောက်က လိုက်ရတယ်။ ဦးပုလေးကတော့ သူနဲ့ မပြတ်ကပ်ပါတယ်။ မြို့တွေရောက်တဲ့အခါ ဗိုလ်ချုပ်ရောက်တဲ့မြို့တွေက ဖဆပလအဖွဲ့တွေ၊ အစိုးရအဖွဲ့တွေက ဗိုလ်ချုပ်ကို ကြိုဆိုကြတယ်။ ဧည့်ခံကြတယ်။ သူတို့ခေါ်တာကို မလိုက်ဘူး။ ဖိတ်တာကို လက်မခံဘူး။ ကျွေးတာကို မစားဘူး။ သူစားချင်တဲ့နေရာမှာ ကားရပ်ပြီး ဝယ်စားတယ်။ အဲဒီလိုပုဂ္ဂိုလ်။ ကျွန်တော်တို့ကိုလည်း ဝယ်ကျွေးတယ်။

 

ဒီလိုနဲ့ တောင်ကြီးရောက်တယ်။ တောင်ကြီးမှာ ဗိုလ်ချုပ်စကားပြောဖို့ လူထုအစည်းအဝေးပွဲ လုပ်ထားပေမယ့် မပြောဘူး။ တောက်လျှောက် ပင်လုံသွားတာပဲ။ ဆိုတော့ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်က ဒီဟာတစ်ခုဆို ဒီဟာတစ်ခုပဲ သူဦးတည်ချက်ထားတယ်။ သူဟာ မရမချင်း နောက်မဆုတ်တဲ့သူ။ ကျန်တာ သူဘာမှမငဲ့ဘူး။ လူလည်း အားမနာတတ်ဘူး။ သူသွားမယ့် ဦးတည်ချက် လမ်းကြောင်း ရောက်အောင်သူသွားတယ်။ အဲဒါတော့ ကျွန်တော်တို့ မှတ်တမ်းတင်ထိုက်တဲ့ပုဂ္ဂိုလ်၊ အားနာလို့ ဝင်ရတာ၊ စားရ တာတွေ မရှိဘူး။ မလိုက်လျောဘူး။ သူလုပ်ချင်တာကို တိတိကျကျလုပ်တယ်။ ပြောစရာရှိလည်း ပြတ်ပြတ်သားသား ပြောတယ်။ အဲဒီလိုပဲ ကျွန်တော်တို့နဲ့ဆက်ဆံတဲ့ ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း စကားပြောတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ပွင့်ပွင့်လင်းလင်းပြောတယ်။

 

ကျုပ်မှာ ရန်သူမရှိဘူး၊ တိုင်းပြည်အတွက် တစ်ကိုယ်လုံး အပ်နှံထားတယ်လို့ပြောတဲ့ဗိုလ်ချုပ်

ဘယ်လောက်အထိ ပြောကြသလဲဆိုရင် တစ်ရက်တော့ ဗိုလ်တထောင် COD မှာရှိတဲ့ လက်နက်တွေကို လူတစ်စုက ထုတ်သွား တယ်။ တစ်ခါ မင်္ဂလာဒုံ လက်နက်ခဲယမ်း မီးကျောက်တပ်က လက်နက်တွေကို လူတစ်စုထုတ်သွားတယ်။ အဲဒါ ဦးစော ဖြစ်တယ်လို့ သတင်းရတယ်။ ရတော့ ဗမာ့ခေတ်က အရင်ဆုံးရေးတယ်။ ကျွန်တော်တို့က နောက်မှရေးတယ်။ ဘာလို့ ကျွန်တော်တို့ နောက်ကျသလဲဆိုတော့ ကျွန်တော်တို့က ဗိုလ်ချုပ်ကို သွားပြောတယ်။ ဗိုလ်ချုပ် ဒါတွေတော့ ထူးတယ်။ ဒါ ဗိုလ်ချုပ်ကို လုပ်ကြံလိမ့်မယ်ဆိုတော့ ဗိုလ်ချုပ်က ဘာပြောသလဲဆိုတော့ “ကျုပ်ကို လုပ်ကြံရအောင် ကျုပ်မှာ ရန်သူလည်း မရှိပါဘူး။ အေး ကျုပ်တိုင်းပြည်အတွက်လုပ်တာ မကျေနပ်ရင်လည်း သတ်ချင်လည်း သတ်ပေါ့ဗျာ။ ကျုပ်ကတော့ တစ်ကိုယ်လုံး တိုင်းပြည်ကို အပ်နှံထားပြီးသား။ တိုင်းပြည်က စီမံတာကို ကျုပ်ခံမယ်။ သူတို့သတ်လည်း ကျုပ်အသေခံမယ်။ သူတို့ မသတ်တော့လည်း ကျုပ်ဘာမှ မဖြစ်ဘူးပေါ့ဗျာ။ ဒါ ပူစရာမရှိပါဘူး” လို့ ပြောတယ်။ ကျွန်တော်တို့က “မဟုတ်ဘူး ဗိုလ်ချုပ်။ အစောင့်အရှောက် လုံခြုံအောင်လုပ်ဖို့ ကောင်းတယ်” ဆိုတာလည်း မရဘူး။ အဲဒီလို ပုဂ္ဂိုလ်ပါ။

3

 

အန္တရာယ်ရှိလာတဲ့ဗိုလ်ချုပ်

သူ့အသက်အန္တရာယ်ရှိတာတောင် သူဒီလိုစကားမျိုး ပြောတယ်။ နောက်တစ်ခု ကျွန်တော်ပြောချင်သေးတယ်။ ဘုရင်ခံအိမ်က မနက်ပိုင်း ဗိုလ်ချုပ်ကို ဖိတ်တယ်။ ဖိတ်ပြီး အင်္ဂလန်မှာ လွတ်လပ်ရေးဆွေးနွေးဖို့ သွားဖို့ပြောတယ်။ ညနေကျတော့ ဦးစောကို ဖိတ်တယ်။ ဦးစောကို ဘုရင်ခံတွေ့တယ်။ တွေ့ပြီးတော့ ဗိုလ်ချုပ်တို့ Mission နဲ့ သူလိုက်မှာ ဖြစ်တယ်။ သူပြန်လာတယ်။ သူ့ဂျစ်ကားနဲ့ လာတာ။ မြေနီကုန်းအဝိုင်းမှာ သူ့ကားကွေ့တော့ ဆန်းသီရိရုံ၊ အဲဒီတုန်းက ဆန်းသီရိရုံတော့ မရှိသေးဘူး။ ကျူးကျော်တဲပုတ်တွေ၊ အရက်ဖြူဆိုင်တွေ၊ မကောင်းတာ လုပ်စားတဲ့သူတွေရှိတယ်။ စစ်အတွင်းကာလနေကြတာ။ တဲတွေ ဖရိုဖရဲနဲ့ အဲဒီလိုကြားထဲကနေ ကျွန်တော်သိတာတော့ ဗိုလ်ဖေချစ်၊ သူက နဂိုက ဒေးဒရဲက သခင်စိုးအဖွဲ့ဝင်ဖြစ်တယ်။ နောက်တော့ သောင်းကျန်းမှုနှိမ်နင်းရေးတပ်က တစ်ပွင့်နဲ့၊ သူ့မှာ ၄၅ ဗို့ သေနတ်ပါတယ်။ ရန်ကုန် ဘဆွေနဲ့ သူတို့နှစ်ယောက် အရက်သောက်ပြီး ထွက်လာကြတယ်။ ဦးစော ကားကလည်း အလာ၊ ဦးစောမှန်းလည်းသိရော သူမူးမူးနဲ့ သေနတ်ထုတ်ပြီး ပစ်လိုက်တယ်။ ဒါက သမိုင်းမှာ အရေးကြီးတယ်နော်။ ပစ်လိုက်တော့ ကားရှေ့မှန်ထိပြီး ဦးစော မျက်စိထိသွားတယ်။ ဦးစော ရန်ကုန်ဆေးရုံတက်ရတယ်။ တက်တော့ အဲဒီညနေဘက်မှာ ဗိုလ်ချုပ်သွားပြီး သတင်းမေးတယ်။ ဦးစောက ဗိုလ်ချုပ် လုပ်ကြံတယ်လို့ သူတွက်ဆတယ်။ ဘာကြောင့်လဲဆိုတော့ မြေနီကုန်းအဝိုင်း၊ ဒီဘက်မှာ လောင်းဝစ်လမ်းရှိတယ်။ တစ်ဖက် စမ်းချောင်းမီးသတ်၊ အရှေ့နေရာမှာ ရှိတာက ပြည်သူ့အာဏာဂျာနယ် ကွန်မြူနစ်ပါတီဌာနချုပ် သခင်သန်းထွန်းတို့ဆိုတော့ ဦးစောက ကောက်ချက်ချတာ ဗိုလ်ချုပ်လုပ်ကြံတယ်။ ပြည်သူ့ရဲဘော်တွေ ပစ်တယ်လို့ ဦးစောထင်တယ်။ အမှန်က ဘဆွေနဲ့ ဗိုလ်ဖေချစ် တို့ပဲ။ ခင်အောင်ရေးတဲ့  Who Killed Aung San? ဆိုတဲ့ စာအုပ်မှာ ဗိုလ်ချုပ်နေဝင်း လုပ်ကြံသလိုလို ရေးတာ မှားတယ်။ ဒါတော့ ကျုပ်မဖြေရှင်းပါဘူး။

 

ဗိုလ်ချုပ်ကိုလုပ်ကြံသူ ဂဠုန်ဦးစောရဲ့ နောင်တနဲ့သံဝေဂ

နောက်တစ်ခုက ဦးစောကို စီရင်ချက်ချပြီး ကြိုးပေးတဲ့အချိန်မှာ ကြိုးစင်ကိုသွားတော့ ကျွန်တော်ပါတယ်။ ဘာကြောင့် ပါသလဲမေးရင် သတင်းထောက်အနေနဲ့ မဟုတ်ဘူး။ ထောင်ပိုင်က ကျွန်တော်နဲ့ ညီအစ်ကို တစ်ဝမ်းကွဲအစ်ကို ဝဏ္ဏကျော်ထင် ဦးတင်မောင်။ ကျုပ်က ထောင်ကလူတွေ၊ ထောင်မှူးကြီးတွေ၊ ဒုတိယထောင်ပိုင်တွေ အကုန်လုံးနဲ့ ရင်းနှီးတယ်။ ကျွန်တော်က ဓာတ်ပုံရိုက်ချင်တယ်။ အဲဒီတော့ ကျွန်တော့်အိတ်ထဲမှာ မီးခြစ်လောက်ရှိတဲ့ ကင်မရာလေးပါတယ်။ အဲဒါနဲ့ ခိုးရိုက်တာ။ ကျွန်တော်က မနက် ၄ နာရီကတည်းက ရောက်နေတယ်။ ဦးစောကို ကြိုးတိုက်ခန်းထဲကနေ ခေါ်ထုတ်တဲ့အခါ အဲဒီတုန်းက တရားရေးဝန်ကြီးဌာန အတွင်းဝန်ကြီး ဦးသောင်းစိန်၊ သူက အကျဉ်းဌာန မင်းကြီးအဖြစ်နဲ့လည်း တွဲကိုင်တယ်။ အင်းစိန် ထောင်ပိုင်ကြီး ဦးတင်မောင်နဲ့ နှစ်ယောက်ညှပ်ပြီး ဦးစောကို ကြိုးစင်ကို ခေါ်သွားတယ်။ လမ်းမှာ ဦးစောပြောတာက ၁၉၃၈ ခုနှစ်က အင်းတော်ကြီးဘက်က သင်္ကန်းနက်သား မတ်ရပ်ဘုရားဆင်းတုတော်တစ်ဆူ ကျွန်တော်ရလာတယ်။ အဲဒီဘုရားရတဲ့ နေ့ကစပြီး ကျွန်တော် ဒုက္ခရောက်တယ်။ မသန်းခင်ကို ပြောပေးပါ။ အဲဒီဘုရားကို ရွှေတိဂုံမှာ သွားလှူပါလို့ ပြောတယ်။ အဲဒါပြီးတော့ သူဆက်ပြီး ဦးတင်မောင် ကျွန်တော်ဟာ ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ ဘယ်လိုမှ အာဃာတ မရှိဘူး။ ဗိုလ်ချုပ်နဲ့ ကျွန်တော်ဟာလည်း ငြိုးသူရန်ဘက် မဟုတ်ပါဘူး။ ဘယ်လို ဘယ်လို ကျွန်တော်လုပ်ကြံမိမှန်း မသိဘူး။ ဒီအဖြစ်ဆိုးမျိုးဟာ နောက်ဆုံးဘဝပဲ ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းတယ်လို့ ပြောတယ်။ ဒါဟာ သမိုင်းမှာ ကြိုးစင်အသွား ဦးစောရဲ့ ဝန်ခံချက်ပဲ ဖြစ်ပါတယ်။

 

မေး။ ။ အဘကြုံခဲ့တဲ့ အရင်ခေတ်က သတင်းမီဒီယာ အခြေအနေနဲ့ ယခုခေတ်မြင်တွေ့ရတဲ့ သတင်းမီဒီယာ အခြေအနေ ကိုလည်း ပြောပြပေးပါ။

 

ဖြေ။ ။ အဲဒီခေတ်က သတင်းမီဒီယာ အခြေအနေက လွတ်လပ်တယ်။ ကျွန်တော်တို့ ရေးကြတာပေါ့။ အစိုးရက မကျေနပ်ရင်၊ သူတို့ကို ထိခိုက်တယ်ဆိုရင် အာမခံငွေသုံးထောင် တင်ခိုင်းတယ်။ နောက်တစ်ချီရေးရင် အဲဒီငွေသုံးထောင် သိမ်းတယ်။ ပုတ်ခတ်ပြီး သွားရေးရင် အသရေဖျက်မှုပေါ့။ ကျွန်တော်တို့ ဒါတော့ စည်းစောင့်ပါတယ်။ အဲဒါကြောင့် မီဒီယာကျင့်ဝတ်ကို ကျွန်တော်တို့ ကျင့်သုံးခဲ့တယ်။ အဲဒီတုန်းက မီဒီယာကျင့်ဝတ်တွေ၊ ဘာတွေ သတ်မှတ်ထားတာမဟုတ်ဘူး။ သို့သော် ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာဖွင့်တဲ့ 52-53 BA (Journalism) သင်တန်းကို တက်ခဲ့ရတယ်။ ကျွန်တော် ကျင့်ဝတ်တွေရလာတယ်။ ကျွန်တော်တို့ ဒါကိုစောင့်ထိန်းတယ်။ ဒါပဲ။ ဒီခေတ်က ပုဂ္ဂိုလ်တွေနဲ့တော့ မတူဘူး။

 

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

 

ဖြေ။ ။ ကျွန်တော်တို့ခေတ်နဲ့ ဒီခေတ်သတင်းစာသမားတွေက ကွာခြားချက်ရှိတယ်။ ဘာကွာခြားသလဲဆိုတော့ ကျင့်ဝတ်ကို စောင့်ထိန်းတာ ကွာတယ်။ နောက်ပြီး တည်ဆဲဥပဒေတွေကို လိုက်နာကြတာကွာတယ်။ ဒါကြောင့် ကျွန်တော်တို့ခေတ်နဲ့ မတူဘူး။ ဒီခေတ်မှာတော့ဖြင့် လူတွေကလည်း လူငယ်တွေ ဖြစ်ပါတယ်။ လေ့လာမှုအားလည်း နည်းတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒီကြားထဲမှာ နိုင်ငံခြားပယောဂတွေ အနှောင့်အယှက်များပါတယ်။ အဲဒီတော့ နိုင်ငံခြားက ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း အသီးသီး၊ ဌာနအသီးသီး၊ နေရာအသီးသီးမှာ ငွေကြေးအားဖြင့်လည်း ထောက်ပံ့တယ်။ မီဒီယာသမားတွေကို ထောက်ပံ့ပေးတာ ငွေကြေးနဲ့ပေးတယ်။ အဲဒီငွေကြေးလက်ခံပြီးတော့ အလုပ်လုပ်တဲ့သူဟာ ကြေးပေးလို့ ကျွန်ခံတာ။ ကျွန်တော် ပြောချင်တာ ကျေးကျွန်ပဲဖြစ်တယ်။ တိုင်းပြည်အတွက် သူကသစ္စာလည်း မစောင့်ဘူး၊ သူ့အတွက်ပဲ သူသိမယ်၊ သူအဖမ်းခံရလို့ ထောင်ထဲရောက်ပါစေ သူ့ကို ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းက ဆက်ထောက်ပံ့မှာပဲဆိုတော့ တိုင်းပြည်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း စောစောက ကျွန်တော်ပြောခဲ့တဲ့ သီပေါမင်းပါတော်မူမယ့် အခြေအနေမျိုးပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ရင်ထဲရှိတာ ဟိုနေ့က သတင်းစာပညာရှင်ကြီး ကန်တော့ပွဲမှာ ဒါကိုပြောခဲ့ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။