သူရဲကောင်းများ ဆက်လက်ပေါ်ထွန်းရန်လို

၁၉ သြဂုတ်

 

သစ်တောများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်မှု၏အဓိကသော့ချက်မှာ ပြည်သူများအားလုံး ပါဝင်လာရေးပင် ဖြစ်သည်ဟု ပညာရှင်များက ဆိုထားသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ အမြောက်အမြားရှိသည့်အနက် ရာသီဥတု အပူလွန်ကဲလာခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရေအရင်းအမြစ်များ လျော့နည်းပျောက်ဆုံးလာခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးဒဏ်များကို မျက်မှောက်ကာလတွင် မိမိတို့ တွေ့ ကြုံနေကြရပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ ဘေးဒဏ်များကို က္ဘာ့နိုင်ငံအများအပြားတွင်ခံစားကြရသည့်အနက် အဆိုးရွားဆုံးခံစားရသည့် နိုင်ငံများထဲတွင် မိမိတို့ နိုင်ငံပါဝင်နေသည်ကိုလည်း သတိပြုဖွယ်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေသည့် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းစာပါက ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်နိုင်စွမ်း (Adaptive Capacity)နှင့် ကြိုတင်ပြင်ဆင်ကာကွယ်မှု (Preparedness) တို့ နိမ့်ပါးနေမည်ဖြစ်ပြီး သဘာဝဘေးန္တရာယ်ကျရောက်လာပြီဆိုပါက အနည်းနှင့်အများဆိုသလို ထိခိုက်ခံစားရမည်မလွဲဖြစ်သည်။

 

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်ရွယ်ချက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုဟုဆိုရာတွင် ပစ္စုပ္ပန်ကာလ လူသားများက မိမိတို့၏ အသက်ရှင်သန်နေထိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို အသုံးပြုရာတွင် အနာဂတ်လူသားတို့အတွက်လည်း ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပြီး သဘာဝတောတောင်ရေမြေများကို မိမိတို့ ဘိုးဘွားများထံမှဆက်ခံရရှိ ခဲ့သည့်အတိုင်း မိမိတို့ သားမြေးမြစ်များထံသို့ လက်ဆင့်ကမ်းပေးနိုင်ဖို့ လိုအပ်သည်။ သို့မှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်ဟု ဖွင့်ဆိုထားသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟု ဆိုရာတွင် အဓိကအားဖြင့် လူ-အပင်နှင့် သားငှက်တိရ္ဆာန်တို့ အပြန်အလှန်ဆက်စပ်မှုနှင့် ပတ်ဝန်းကျင်တို့၏ ဆက်နွှယ်မှုဟုဆိုသည့် ဂေဟစနစ်ကို မပျက်ယွင်းအောင် ထိန်းသိမ်းရန်ဖြစ်သည်။ ယင်းတို့သုံးဦးသုံးဖလှယ် ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းရာတွင် အဓိကအကျဆုံးမှာ လူပင်ဖြစ်သည်။ မျက်မှောက် ကာလပတ်ဝန်းကျင်ပျက်စီးမှုများ၏ လက်သည်မှာ အသိဉာဏ်အကြီးမားဆုံးဖြစ်သည့် လူတို့၏ ပယောဂကြောင့်ဖြစ်သည်ကို လက်ခံထားကြပြီးဖြစ်ရာ သစ်တောသစ်ပင်များနှင့် သားငှက်တိရစ္ဆာန်တို့ ကမ္ဘာမြေပေါ်တွင် ဟန်ချက်ညီစွာ ထာဝစဉ်ဆက်လက်တည်တံ့ရေးအတွက်လည်း လူသားတို့၏ တာဝန်ပင်ဖြစ်လာသည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူပင် သဘာဝတောတောင်ရေ၊ မြေများ ထိန်းသိမ်းရေးနှင့်သားငှက်တိရစ္ဆာန်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်လျက်ရှိသည်။ စုပေါင်းအင်အားသည် အရာရာကို စွမ်းဆောင်နိုင်သည့်အလျောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတွင် သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာပြီဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဩဂုတ် ၁၇ ရက်တွင် ပြည်သူသို့ ကျေးဇူးတင်လွှာကို ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေးအား ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်ရွေးချယ်ဂုဏ်ပြုခဲ့သည်။

 

 

ဦးကျော်မြင့်ထွန်းသည် မြို့နယ်အဆင့်ဂုဏ်ပြုဆု၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုဆု၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WWF)နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW) တို့က ပူးပေါင်းပေးအပ်သည့် “ဆင်ထိန်းသိမ်းရေးသူရဲကောင်းဆု” တို့ကိုလည်းရရှိခဲ့ရာ အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဟူဘိသကဲ့သို့ ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်တွင် နောက်ထပ်နောက်ထပ် သူရဲကောင်းများစွာ ဆက်လက်ပေါ်ထွန်းလာနိုင်ပါစေကြောင်း။

 

မြန်မာ့အလင်း