ရန်ကုန် ၊ ဖေဖေဝါရီ ၂၇
မြန်မာ့အာမခံလုပ်ငန်း၌ အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်ရပ်အား ဝန်ဆောင်မှုပေးလျက်ရှိရာ သူတစ်ပါး ထိခိုက်မှုအာမခံနှင့် မော်တော်ယာဉ် အာမခံ ပရီမီယံကြေး ပေးသွင်းရာတွင် ရုံးများသို့ လာရောက်ရန်မလိုဘဲ QR Code နှင့် MPU Card ဖြင့် မိမိနေအိမ်မှ လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်ရန် မြန်မာ့အာမခံ လုပ်ငန်းက အများပြည်သူအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာရှိ ဖွံ့ဖြိုးပြီးနိုင်ငံတို့တွင် နိုင်ငံပိုင် အာမခံလုပ်ငန်းများ၌ အသက်အာမခံ လုပ်ငန်းများ တွင်ကျယ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် အထွေထွေအာမခံလုပ်ငန်းများ ဖြစ်သော မီးအာမခံ၊ မော်တော်ယာဉ်အာမခံ၊ လေကြောင်းနှင့် ရေကြောင်းအာမခံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှုလုပ်ငန်းအာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ လုပ်ငန်းရှင် တာဝန်ရှိမှုအာမခံ၊ အင်ဂျင်နီယာ လုပ်ငန်းအာမခံ၊ သထ္ထုတွင်းတူးဖော်ရေး လုပ်ငန်းရှင်များ တာဝန်ရှိမှု အာမခံအပါအဝင် အထွေထွေအာမခံ အမျိုးအစားပေါင်း (၂၀) ကျော်နှင့် အသက်အာမခံလုပ်ငန်း အမျိုးအစား (၂၀) ကျော်ဖြင့် အာမခံအမျိုးအစား (၄၀) ကျော်အား မြန်မာ့ အာမခံလုပ်ငန်းက ဝန်ဆောင်မှုပေးလျက်ရှိသည်။
“အသက်အာမခံလုပ်ငန်းဟာ နိုင်ငံတကာမှာ အင်မတန်ဖွံ့ဖြိုးတဲ့လုပ်ငန်း အမျိုးအစား ဖြစ်ပါတယ်။ မတော်တဆ ထိခိုက်မှုကြောင့် ကျန်ရစ်သူမိသားစု အထောက်အပံ့ဖြစ်စေဖို့ ထားရှိတဲ့ အာမခံအမျိုးအစားနဲ့ မိမိငွေစုဆောင်းပြီး ကာလတစ်ခု ရောက်တဲ့အခါ ငွေပြန်ထုတ်ယူနိုင်တဲ့ အမျိုးအစားဆိုပြီးရှိတယ်။ ပြီးတော့ အာမခံထားရှိရာမှာ အသက်အာမခံ လုပ်ငန်းနဲ့ အထွေထွေအာမခံ လုပ်ငန်းဆိုပြီး အဲ့ဒီနှစ်မျိုးကို ဝန်ဆောင်မှုပေးနေတာပါ။ မိမိနိုင်ငံရဲ့ရေမြေနဲ့ လိုက်လျောညီထွေတဲ့ အာမခံထုတ်ကုန် အသစ်တွေ လုပ်ဆောင်ဖို့လည်းလိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးချင်း ဝင်ငွေပေါ်မှာမူတည်ပြီး အထွေထွေ အာမခံလုပ်ငန်းအနေနဲ့ ဝန်ဆောင်မှုပေးရတာ များတယ်။ အများပြည်သူ မတော်တဆ ထိခိုက်နစ်နာမှုမှာ လျော်ကြေးရရှိအောင် မြန်မာ့အာမခံက ဝန်ဆောင်မှုပေးတဲ့အခါမှာ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် မိမိနေအိမ်ကနေ ငွေသွင်းနိုင်တဲ့ QR Code ၊ MPU Card နဲ့ မြန်ဆန်လွယ်ကူစွာ ပေးသွင်းနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံ လုပ်ငန်း(ရန်ကုန်)မှ အထွေထွေမန်နေဂျာ ဦးလွင်ဦးက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော Digital Transformation အစီအစဉ်တွင် အာမခံ အကာအကွယ်ရလိုသော ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ် ဝယ်ယူလိုသည့် အာမခံ Product များကို ခေတ်နှင့်အညီ အဆင်ပြေ ချောမွေ့စွာ ရွေးချယ်ဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ ကာလတွင် သူတစ်ပါး ထိခိုက်မှုအာမခံ ပရီမီယံကြေး အာမခံထားရှိသူများ ကိုယ်တိုင်လာရောက် ပေးသွင်းရန်မလိုဘဲ Online/Mobile Payment ဖြင့် ပေးသွင်းနိုင်ရန်အတွက် QR Code နှင့် MPU Card ဖြင့် လွယ်ကူမြန်ဆန်စွာ ပေးသွင်းမှုအား မြန်မာအာမခံလုပ်ငန်းမှ ဝန်ဆောင်မှု ပေးထားကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာအာမခံလုပ်ငန်း
ညိမ်းသူ ( သတင်းစဉ် )


