သုဝဏ္ဏဝတီ ၂၇ ဇန်နဝါရီ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် အ.ထ.က(သိမ်ဆိပ်)ကျောင်း ဘောလုံးကွင်း၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ အဋ္ဌမအကြိမ်မြောက် ထေရဝါဒ ဓမ္မပူဇာသဘင် တရားပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တရားပွဲများကို ညစဉ် ၇ နာရီမှ စတင်၍ ဇန်နဝါရီ ၂၄ ရက်ညတွင် ဆရာတော်ဝနဂါသီ - အရှင်ဝါသေဌာဘိဝံသ (ကျောက်တစ်လုံးတောရ) ကလည်းကောင်း၊ ၂၅ ရက်ညတွင် ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ကလည်းကောင်း၊ ၂၆ ရက် နောက်ဆုံးညတွင် ဆရာတော် အရှင်တေဇာစာရ (ရှင်နေမင်း-ဥသျှစ်ကုန်း) တို့က တရားနာယူကြကုန်သော တရားနာယူ ဧည့်ပရိသတ်တို့အား နိဗ္ဗာန်ရောက်ကြောင်း မြတ်တရားများကို ဟောကြားတော်မူပြီး ဧည့်ပရိသတ်များအား စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းအပြင် အသွား/အပြန် ကားများဖြင့်ပါ ကြို/ပို့ပေးခြင်းများကို စေတနာရှင် အလှူရှင်များက စုပေါင်းကုသိုလ်ပြု ဆောင်ရွက်ပေးကြသည်။
အဋ္ဌမအကြိမ်မြောက် တရားပွဲကြီးကို အလှူရှင် ဦးစိုးယုထွန်း - ဒေါ်မြတ်သီတာစိုး မိသားစု(သိမ်ဆိပ်)မှ ဦးဆောင် မတည်လှူဒါန်းပြီး သုဝဏ္ဏဝတီမြို့ ရပ်ကွက်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလှူရှင်အပေါင်းတို့က စုပေါင်းလှူဒါန်း၍ မြတ်တရားများနာယူ၊ သာဓုမောဒနာ ခေါ်ဆိုခဲ့ကြောင်း သိရသည်။
ခွန်(ဝင်းပ)