သုဝဏ္ဏဝတီမြို့ ၁၂  စက်တင်ဘာ 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် ကျန်းမာရေးဌာနခွဲ၌ စက်တင်ဘာ ၁၂ နေ့ နံနက်ပိုင်းက မြို့နယ်လုံးကျွတ် တီဘီရောဂါ ကင်းဝေးရေးစီမံချက်ဖြင့် သထုံမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်းဆောင်ရွက်သော အခမဲ့ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေးယာဉ်ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုက်စစ်ဆေးခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သည်။

“တီဘီရောဂါက ကူးစက်ရောဂါဖြစ်တာကြောင့် စောစောသိရင် စောစောကုနိုင်အောင်နဲ့ သေဆုံးမှုနှင့် ရောဂါကူးစက်မှု လျှော့နည်းအောင် IOM အဖွဲ့နဲ့ ပူးပေါင်းပြီး ဇွန်လမှ စတင်၍ ယနေ့အထိ သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၄ ခုအတွင်းရှိ သံသယလူနာ ဒေသခံပြည်သူများ၊ ရဟန်း၊ သံဃာများအပြင် လူဦးရေ တစ်သောင်းခန့်ကို စားရိတ်မကုန် ဆေးဝါးဒါန အခမဲ့အဖြစ် ဒေသတွင်း လိုက်လံ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အပြင်၊ တီဘီရောဂါ တွေ့ရှိတဲ့ လူနာများအား ရောဂါဖြစ်ပွားသူ၊ ရောဂါပြန်လည်ဖြစ်ပွားသူ၊ ဆေးယဉ်ပါးရောဂါ ဖြစ်ပွားသူများဟူ၍ ခွဲခြား၍ သက်ဆိုင်သည့် ဆေးဝါးများအလိုက် အခမဲ့ ကုသပေးပြီး ရောဂါရှင် လူနာများအား ဆေးဝါး ဆက်လက်ကုသပေးနိုင်အောင် စီမံဆောင်ရွက်ပေးနေတာပါ” ဟု သထုံမြို့နယ် ကျန်းမာရေးမှူး ဦးစိုးအောင်က ပြောသည်။

ကွင်းဆင်းဆောင်ရွက်ခြင်းကို ပထမနေ့တွင် ၁၂၁ ဦးကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ၅ ဦးအား ဆေးဝါးကုသပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၃ ရက်နေ့အထိ နှစ်ရက်တာအတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်သူများအား ဓါတ်မှန်ရိုက် စစ်ဆေးကုသဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခွန်(ဝင်းပ)