သထုံ ၁၉ ဇွန်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက် ရွှေဟင်္သာရပ်ရှိ ကံကြီးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့မွန်းတည့် ၁၂ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများအား ခြင်ကာကွယ်နှိမ်နင်းရေးနှင့် ခြင်ကြောင့်ဖြစ်သည့် သတိပြုစရာ ရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်းက အမှာစကားပြောကြားပြီး သထုံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဒေါ်သင်းသင်းအိ၊ ခရိုင်ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ခြင်လောက်လန်း နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစည်သူဟိန်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးစိုးအောင်နှင့် သိမ်ဆိပ် တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသာယာသန့်တို့က ခြင်ကြောင့်ဖြစ်သည့် ရောဂါများနှင့် ခြင်ကာကွယ် နှိမ်နင်းရေးနည်းလမ်းများ၊ ဆင်တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဇီကာဗိုင်းရပ်ကူးစက် ရောဂါတို့၏ အန္တရာယ်များ၊ ဖြစ်ပွားရသည့်အကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများ၊ အခြားကူးစက် ရောဂါများနှင့် စနစ်တကျ စောင့်ရှောက်ကုသမှုခံယူနိုင်ရေး လိုအပ်ချက်များ၊ ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါများ လျော့နည်းရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ် ဆောင်ရွက်နေသည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်း စသည့် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းများ၌ ပြည်သူများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ သထုံခရိုင်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သိမ်ဆိပ်ရပ်ကွက် ရွှေဟင်္သာရပ်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)