သထုံ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သထုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြပြီး ပြည်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
သထုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မေ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဆောင်ရွက်လျက်ရှိရာ သထုံမြို့နယ်အတွင်း ယနေ့အချိန်အထိ ကျေးရွာအုပ်စုပေါင်း ၂၁ အုပ်စုမှ လူဦးရေပေါင်း ၂၅၀၀ ကျော်အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက် ပိုစတာများစိုက်ထူခြင်း စသည့်ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)