နေပြည်တော် ၁၃ ဩဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ခုနှစ် တတိယအကြိမ် လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်ကာလ အတိုင်းအတာတစ်ခုအထိ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေများအား ကောက်ယူရရှိသည့် စာရင်းဇယားများကို စိစစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း (၅၁၄၈၁၇ ဒသမ ၉၇၉)ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိသစ်များကို အချိန်မီ ထုခွဲရောင်းချနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သစ်တောမြေများကို အခြားမြေသုံးစွဲခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလျှောက်ထားကြရမည်ဖြစ်ကြောင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်လုံး (၁၅၀ဝ၀)တန် ထုတ်လုပ်ရန် လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး သစ်တောမီးအပါအဝင် မီးလောင်မှုကြောင့် ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် သတ္တုတွင်းဥပဒေပြုရေးတွင် ချင်းပြည်နယ်သတ္တုတွင်းဥပဒေ(မူကြမ်း) အတည်ပြုပြီးဖြစ်၍ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များလည်း ဥပဒေထုတ်ပြန်ရေး ဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်း ဖြစ်ပါက တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျောက်မျက်ရတနာရောင်းချပွဲများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး စနစ်တကျ ဆောင်ရွက်ခွင့်ပြုပေးထားပါကြောင်း ပြောကြားသည်။
အစည်းဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


