နေပြည်တော် ၂၃ ဒီဇင်ဘာ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မိုးမကျမီ သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ပျိုးပင်ပေါင်း(၁၃)သန်းနီးပါးရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှလည်း စည်းရုံးရေးဆင်းပြီး ပျိုးပင်များရှင်သန်အောင် စိုက်ပျိုးပေးရန် ပြောကြားလိုပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ မှ စိုက်ပြီးသည့် အပင်များအား ပြန်ဖာပေးရန်နှင့် ၂၀၂၀ တွင် ယခုထက် ပိုမိုစိုက်ပျိုးနိုင်အောင် စီမံပြီး စိုက်ပျိုးရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ တစ်ဖက်တွင် ကြီးပွားတိုးတက်ရန်အတွက် စိုက်ပျိုးနေရုံနှင့်မပြီးဘဲ တစ်ဖက်တွင်လည်း သစ်ထုတ်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လူဦးရေ(၈၃) ရာခိုင်နှုန်းသည် သစ်တောကိုမှီပြီး နေရပါကြောင်း၊ သစ်မထုတ်လျှင်ခိုးကြမည် ဖြစ်ကြောင်း၊ တရားဝင်ပြည်ပကို ရောင်းခြင်းဖြင့် နိုင်ငံအကျိုး စီးပွားရရှိမည်ဖြစ်ကြောင်း။
အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သစ်တောဧရိယာအကောင်းဆုံး၊ အများဆုံးဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ တွင် Plan အတိုင်း ပြန်ထုတ်သင့်ပါကြောင်း၊ (၄)နှစ်တာကာလအတွင်း ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွင် ကျန်ခဲ့သည့် (၂၈)နှစ်ထက် ၂ ဆရှိပါကြောင်း၊ အစုအဖွဲ့ပိုင် သစ်တောသည် နှစ်(၃၀)အတွင်း ဆောင်ရွက်ရန် လျာထားချက် (၂ ဒသမ ၂၇) သန်းရှိပြီး ယခုဆောင်ရွက်ပြီးမှာ (၂၈) ရာခိုင်နှုန်း ရှိပါကြောင်း၊ တည်ထောင်ပြီးဧရိယာ (၆၅၃၉၉၉) ဧကဖြစ်ပါကြောင်း၊ အစုအဖွဲ့ပိုင် သစ်တောများအနေဖြင့် အစိုးရသစ်မတက်မီအဖွဲ့(၂၀၆၅)ဖွဲ့ရှိပြီး၊ အစိုးရသစ် လက်ထက်တွင် (၂၈၆၆) ဖွဲ့ရှိ၍ စုစုပေါင်း (၄၉၃၁)ဖွဲ့ ရှိပါကြောင်း၊ အစုအဖွဲ့ပိုင်သစ်တောများ များလာသည့်အခါ အမှားအယွင်းများ ရှိလာနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ်မှ သန်း(၂၀ဝ)ချေးရန် ဆောင်ရွက်နေကြောင်း၊ သတ္ထုတူးတာနှင့် ပတ်သက်၍လည်း သစ်တောဥပဒေပုဒ်မ (၁၆)တွင် ပါရှိသည့်အတိုင်း သတ္ထုတူးဖော်ရေးလုပ်ငန်းများကို တူးခွင့်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သယံဇာတရရှိရန် သစ်တောစိုက်ခင်းများလည်း ပြန်လည် ထူထောင်ရမည် ဖြစ်ကြောင်း။
တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍လည်း (၂၀၁၆-၂၀၁၉) အစိုးရလက်ထက် နိုဝင်ဘာအထိ တရာမဝင်သစ် ဖမ်းဆီးမှု (၄၅)လတာကာလတွင်း(၁၆၅၅၁၁ဒသမ၃) တန်၊ တရားခံပေါင်း (၂၃၆၁၀) ဦး၊ နိုင်ငံခြားသား(၅၉) ဦး၊ ယာဉ်ယန္တရား(၁၁၀၄၅) စီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (အောက်တိုဘာမှ နိုဝင်ဘာထိ) တရားမဝင်သစ် ဖမ်းဆီးမှု (၄၄၃၄ ဒသမ ၂၉၄၇) တန်၊ တရားခံ (၅၆၃)ဦး၊ ယာဉ်ယန္တရား(၃၅၇) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း။
မြန်မာ့သစ်လုပ်ငန်းသည် ငွေရှာပေးသည့် ဌာနဖြစ်ကြောင်း၊ သစ်ထုတ်လျှင်လည်း တောကောင်းအောင် ပြုစုရမည်ဖြစ်ကြောင်း၊ မြန်မာ့သစ်လုပ်ငန်းတွင် သစ်စက်များရှိပြီး စိစစ်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးသင့်သည်ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝအခြေပြု စခန်းများလည်း တိုးလာကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ပတ်သက်၍လည်း သစ်တောသစ်ပင် အဆုတ်အယုတ်မရှိဘဲ တိုးပွားအောင် စိုက်ပျိုးပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ပြည်နယ်/ တိုင်းဒေသကြီးတို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ တက်ရောက်ကြသည်။
(သတင်းစဉ်)