နေပြည်တော် ဩဂုတ် ၂၁ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၆ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန အကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျွန်းပင်ကို သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက သစ်ပင်များကို သတ်မှတ်နေရာများတွင် ဆက်လက် စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မ‌ဟော်ဂနီ၊ သင်းဝင်၊ ယမနေ၊ ဆီသပြေ၊ ပျဉ်းမ၊ ရင်းမာ၊ တိန်းညက်၊ မာလာလူးကား၊ ပိုလိုနီးယား စုစုပေါင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင် ၃၀၀၀ ကိုလူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးကြသည်။

သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေပြီး ရာသီဥတု မျှတသာယာခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာ ရရှိစေသည့်အတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်း ပြုစုရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံအဝှမ်းတွင် နှစ်စဉ်ကျင်းပ လျက်ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ၃၉၈ ကြိမ် သစ်ပင်ပေါင်း ၃၂၇,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ 

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီအတွင်း သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုး ခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများတွင် သစ်ပင်စုစုပေါင်း ၂၂ဒသမ၆၉၆ သန်း (လျာထားချက်၏ ၁၀၂ ရာခိုင်နှုန်း) စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်