ရန်ကုန်  ၁၃ မတ်

 

ထိုင်ဝမ်(တရုတ်)နိုင်ငံ၌ မတ် ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် Taiwan  Open 2019 အကြီးတန်းအဆင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လက်ရွေးစင် စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့်က ဂွာတီမာလာနိုင်ငံမှ ကစားသမားကို ဗိုလ်လုပွဲတွင် သုံးပွဲ နှစ်ပွဲဖြင့် အနိုင်ရရှိကာ ပထမ(ရွှေတံဆိပ်)ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

 

အဆိုပါပြိုင်ပွဲတွင် မြန်မာက ပထမ ဂွာတီမာလာနိုင်ငံက ဒုတိယ တရုတ်က တတိယဆု ရှိခဲ့ကြသည်။ ကြည်မြင့်သည် ထိုင်ဝမ်မှ အစားသမားများနှင့်တွဲ၍ အသင်းလိုက်ပြိုင်ပွဲတွင် ထပ်မံကစားခဲ့ရာ ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ ပြိုင်ပွဲတွင် အိမ်ရှင် ထိုင်ဝမ်(တရုတ်)၊ ဟောင်ကောင်၊ ဂွာတီမာလာ၊ ဂျပန်၊ သြစတြေလျနှင့် စင်ကာပူနိုင်ငံတို့မှ လက်ရွေးစင် ကစားသမား စုစုပေါင်း ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင် ကစားသမား ကြည်မြင့်သည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ အားကစားသမားများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

 

ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု လက်ရွေးစင်ကစားသမား ကြည်မြင့်က “ ကျွန်တော့် အစ်ကိုက ထိုင်ဝမ်မှာ ပြိုင်ပွဲရှိတယ်ဆိုလို့ သွားရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ပြည်ပပွဲတွေ မကစားဖြစ်တာကြာပြီ။ ပြိုင်ပွဲမသွားမီ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ အတွေ့အကြုံတွေ အများကြီရခဲ့တယ်။ အားကစားသမား တစ်ယောက်က ကြံ့ခိုင်မှုအရေးကြီးတယ်။ ပထမဆုရမယ်လို့ မထင်ထားခဲ့ပါဘူး။ ဗိုလ်လုပွဲအပြီးမှာ ကြွက်တက်ပြီး လမ်းလျှောက်လို့ မရခဲ့ဘူး။ ဒါ့ကြောင့် ကြံ့ခိုင်မှုနဲ့ ကစားသမားများ လေ့ကျင့်တဲ့အခါ မခိုမကပ်ဘဲ လေ့ကျင့်မယ်ဆိုရင် အောင်မြင်မှုရမှာပါ” ဟု ပြောသည်။

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကြည်မြင့်အား ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ - အာကာစိုး

 

IMG_20190313_170733
 

IMG_20190313_120544