နေပြည်တော် ၂၂ ဇူလိုင်
TEDxUM1 Yangon ဟောပြောပွဲကို ဇူလိုင် (၂၁) ရက်တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ကျင်းပခဲ့သည်။
အဆိုပါ TEDxUM1 Yangon ဟောပြောပွဲတွင် ဆေးပညာနယ်ပယ်၊ ပညာရေးနယ်ပယ်၊ မွေးမြူရေးလုပ်ငန်းနယ်ပယ်၊ ဒီဂျစ်တယ် ဆက်သွယ်ရေးနှင့် နည်းပညာနယ်ပယ် စသည်တို့မှ ပညာရှင် များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အလုပ်သင်ဆရာဝန်နှင့် ကျောင်းသား/ကျောင်းသူများက အကြောင်းအရာ ခေါင်းစဉ် (၁၄) ခုတို့ဖြင့် ဟောပြောခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အလုပ်သင်ဆရာဝန်၊ ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စား သူများ တက်ရောက်နားထောင်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာတစ်လွှားမှ TED Talks အစီအစဉ်များကို ကြည့်ရှုနားထောင်လေ့လာခြင်းဖြင့် သိပ္ပံပညာ၊ အတွေးအခေါ်ပညာရပ်၊ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ အနုပညာ၊ နိုင်ငံရေးစသည့် ပညာရပ်နယ်ပယ်အသီးသီးမှ ကမ္ဘာတစ်ဝှမ်းမှထိပ်တန်း ပညာရှင်များ၏ အတွေးအမြင်အယူအဆ အသိပညာများကိုသိရှိ ရယူနိုင်မည်ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ယခုကဲ့သို့ TEDxဟောပြောပွဲမျိုးကျင်းပခြင်းအားဖြင့် ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်နယ်ပယ်နှင့် အခြားနယ်ပယ် အသီးသီးမှ ဗဟုသုတနှင့် အသိပညာများ၊ စကားပြောစွမ်းရည်၊တင်ပြမှုစွမ်းရည်နှင့် အင်္ဂလိပ်စာ အရည်အသွေးများမြင့်မားလာမည်ဖြစ်ပါကြောင်း၊စဉ်းစားတွေးခေါ်မှုအတိုင်းအတာနယ်ပယ်ကိုလည်းပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သည့် TEDxUM1 Yangon ကဲ့သို့ TEDx ဟောပြောပွဲမျိုးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ် (၁၆)ခုနှင့် သူနာပြု-သားဖွားသင်တန်းကျောင်း (၅၀) တို့တွင်လည်း ဆက်လက်ပြုလုပ်ကြစေလိုပါကြောင်း၊
ဟောပြောသူများအနေဖြင့် မိမိတို့၏ အတွေးအမြင်များ၊ အယူအဆများ၊ ရှုမြင်ချက်များကို ပိုမိုထိရောက်စွာ မျှဝေနိုင်ခွင့်ရရှိပါကြောင်း၊ နားထောင်သူများကိုလည်း တွေးစရာများနှင့်စိတ်ကူး ဉာဏ်ကွန်မြူးစေသည့် အခြေအနေများကို အနည်းနှင့်အများဆိုသလိုရရှိဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊
မိမိတို့အနေဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံများကိုအမီလိုက်နိုင်ရန် ပုံမှန်ရှေးရိုးစဉ်လာ စဉ်းစား တွေးခေါ်ဆောင်ရွက်မှုဖြင့် မဖြစ်နိုင်ပဲဖြန့်ကြက်တွေးခေါ်ခြင်းနှင့် ဆန်းသစ်တီထွင်တွေးခေါ်ခြင်း များပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ တွေးခေါ်ရှုမြင်မှုများရှိရစေနိုင်သည့် ယနေ့ပြုလုပ်သော TEDx UM1 Yangon ဟောပြောပွဲသည် တက်ရောက်သူများအတွက်သာမက မိဘဆွေမျိုးများ၊ သူငယ်ချင်းမိတ်ဆွေများအများပြည်သူအတွက်ပါဆင့်ပွားအကျိုးရှိပါကြောင်း ပြောကြားသည်။
TED ဆိုသည်မှာ ကမ္ဘာတစ်လွှားမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ နည်းပညာ၊ အနုပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်းပညာ စသည့် နယ်ပယ် အသီးသီးမှ အကြောင်းအရာများကို ပညာရှင်များ၊ ထင်ရှားကျော်ကြားသူများ၊ အောင်မြင်ကျော်ကြားသူများ စသည်တို့မှ အတွေးအမြင်များဝေမျှ ဟောပြောသည့် talk show ဖြစ်သည်။
"အတွေးအမြင် ကောင်းများကိုမျှဝေခြင်း”ဟူသော ခံယူချက်ဆောင်ပုဒ်ဖြင့် ကျင်းပသည့်အဆိုပါ ဟောပြောပွဲများကိုTED Talks ဟုခေါ်ကာ www.TED.com တွင် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်သည်။ “TEDx” ကို TED conference မှ တိုက်ရိုက်စီစဉ်ခြင်းမပြုသော်လည်း TED license အောက်တွင် ကျင်းပသော talk show ဖြစ်သည်။ "TEDx" ဟု ခေါ်သော ဒေသတွင်းကိုယ်ထူကိုယ်ထ အဖွဲ့များဖွဲ့ကာ TED Talks များကိုကျင်းပခြင်းဖြစ်သည်။
TedxUM1 Yangon ကို ဟောပြောသူများထံမှ အကြံဉာဏ်ကောင်းများ၊ စိတ်ခွန်အားရဖွယ် အတွေ့အကြုံများကို မျှဝေနိုင်ရန်နှင့် စိတ်ပါဝင်စားသူများ နားဆင်နိုင်စေနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအားလုံးအနက် TEDx အနေဖြင့် ပထမဆုံးအဖြစ် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် စတင်ကျင်းပခြင်းဖြစ်သည်။
(သတင်းစဉ်)


