နေပြည်တော် ၁၁ ဧပြီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၂၉-၃-၂၀၂၀) ရက်နေ့တွင် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၁၁-၄-၂၀၂၀) ရက်နေ့ ည (၈:၀၀) နာရီအချိန်အထိ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ (၃၁)ဦး တွေ့ရှိသည့်အနက် ရောဂါဖြစ်ပွားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် COVID-19 ရောဂါဖြစ်ပွားနေသူ (Imported Cases) (၁၆) ဦးနှင့် အဆိုပါသူများနှင့် အနီးကပ်ထိတွေ့သူ (Close Contact) (၉) ဦးသို့ ရောဂါကူးစက်ခဲ့ကြပြီး ရောဂါဖြစ်ပွားမှုကို သုံးသပ်ရာတွင် ပြည်ပမှ လေကြောင်းဖြင့် ဝင်ရောက်လာသည့် Imported Cases များနှင့် ၎င်းတို့၏ Close Contact များမှ အဓိက ကူးစက်ပြန့်ပွားနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
COVID-19 ရောဂါဖြစ်ပွားကူးစက်မှုအား ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာ၌ နိုင်ငံတကာမှ လာရောက်သည့်ခရီးသည်များကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ လွန်စွာအရေးကြီးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ ကုန်ဆုံးမည့် (၁၃-၄-၂၀၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီကို ထပ်မံသက်တမ်း တိုးမြှင့်ရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုပြီးဖြစ်ပါသဖြင့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၀-၄-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန


