ရန်ကုန် ၁၂ အောက်တိုဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် Tests & Care ဧရာဝတီစင်တာကို ယနေ့ စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလတွင် အများပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများကို ဦးစားပေး၍ ရောဂါပိုးရှိမရှိ စစ်ဆေးပေးသွားမည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ခံစားနေရသူများကို စစ်ဆေးပေးနိုင်ရန် Tests & Care ဧရာဝတီစင်တာကို ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ Tests & Care ဧရာဝတီစင်တာကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်စစ်ဆေးပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှစတင်ကာ စင်တာအနီးအနားရှိ မြို့နယ်များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ခံစားနေရသည့် အများပြည်သူများကို စစ်ဆေးပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Tests & Care ဧရာဝတီစင်တာတွင် စစ်ဆေးမှုခံယူနိုင်ရန်အတွက် https://bit.ly/36UvIss မှတစ်ဆင့် အချက်အလက် ပြည့်စုံစွာဖြည့်သွင်း၍ ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code ၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တစ်ပြေးညီ SMS ပေးပို့သွားမည်ဖြစ်သည်။ စစ်ဆေးမှု ခံယူမည့်သူများသည် သတ်မှတ်ပေးထားသော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Tests & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်မံပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ QR Code၊ Patient ID မရှိသူများကို စင်တာတွင် လုံးဝဝန်ဆောင်မှုပေးသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဖုန်းနံပါတ် ၀၁-၄၇၀၅၅၅၅ နှင့် အီးမေးလ်- [email protected] သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ - ကိုမိုး


