၄ ဇူလိုင်

(ယခင်အပတ်မှ အဆက်)


သစ်ပင်နှင့် အစာကွင်းဆက်ဖြစ်စဉ်


သစ်ပင်များသည် သတ္တဝါတို့၏ အစာကွင်းဆက် ဖြစ်စဉ်ကို အခြေခံအဆင့်မှပင် အကျိုးပြုလျက်ရှိနေသည်။ အပင်နှင့် အရွက်စား သတ္တဝါတို့၏ အစာအာဟာရသည် အပင်ကြီး အပင်ငယ် အသွယ်သွယ်တို့ပင် ဖြစ်ကြသည်။ အပင်နှင့် အရွက် စားသတ္တဝါတို့ကို အသားစားသတ္တဝါများနှင့် အစုံစားသတ္တဝါတို့က ထပ်ဆင့် စားသောက်ကြခြင်းအားဖြင့် သတ္တလောက၏ ဂေဟစနစ်ကို ကောင်းစွာ ဖြစ်ထွန်းစေသည်။


လူသားတို့သည် အပင်များကို အစာအာဟာရအဖြစ် မှီဝဲစားသုံးကြသလို အပင်စားသတ္တဝါများနှင့် အစုံစားသတ္တဝါ များ၏ အသားများကိုလည်း အာဟာရနှင့် စွမ်းအင် ရရှိရန် ချက်ပြုတ်စားသောက်ကြသည်။ ကျန်းမာရေးချွတ်ယွင်းသည့် အခါများ၌လည်း ရောဂါများကို ပျောက်ကင်းအောင် ကုသရန်အတွက် ဘယဆေးပင်မျိုးစုံတို့ကို ဆေးဝါးများအဖြစ် ဖော်စပ် အသုံးပြုကြသည်။


အလားတူပင် တိရစ္ဆာန်များသည်လည်း ရောဂါများ ကပ်ငြိ ကျရောက်သည့်အခါ ဆေးဖက်ဝင်အပင်များကို ရှာဖွေစားသုံး ကြရသည်။ တိရစ္ဆာန်များ၌ ရောဂါများ ကပ်ငြိကျရောက်လာ သည့်အခါ မည်သည့် ဆေးဖက်ဝင် အသီး၊ အပွင့်၊ အရွက် အခေါက်တို့ စားသုံးရမည်ကို အလိုအလျောက်သိရှိကြသည့် စွမ်းအားကို သဘာဝတရားကြီးက ပေးအပ်ထားသည်။ ဤ နည်းအားဖြင့် သစ်ပင်ကြီးငယ် အသွယ်သွယ်တို့သည် လူနှင့် သတ္တဝါတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိနေကြသည်။


ထို့ကြောင့်ပင် လူသားတို့အပါအဝင် သက်ရှိအားလုံးတို့၏ ၉၀ ရာခိုင်နှုန်းသည် သစ်ပင်များပေါ်၌လည်းကောင်း၊ သစ်ပင်များ၏ အနီးအနား၌လည်းကောင်း ရှင်သန်ရပ်တည်နေကြ ရခြင်းဖြစ်သည်။ သက်ရှိအများတို့သည် သစ်ပင်ကို အမှီသဟဲ ပြုကာ ရှင်သန်နေထိုင်လျက်ရှိနေကြသည်ကို သာမန်အားဖြင့် ဂရုပြုမိလေ့မရှိကြပေ။


သိပ္ပံပညာရှင်တို့သည် ပီရူးနိုင်ငံ၏ သစ်တောများအတွင်း၌ သစ်ပင်တစ်ပင်တည်းကို အမှီသဟဲပြုကာ ရှင်သန်နေထိုင် လျက်ရှိသော ပုရွက်ဆိတ် မျိုးစိတ်ပေါင်း ၄၃ မျိုးကို ရှာဖွေတွေ့ရှိလိုက်ကြခြင်းဖြင့် သက်ရှိတို့၏ ရှင်သန်မှုအတွက် သစ်ပင်များ၏ အရေးပါပုံကို ဥပေက္ခာပြု၍ မရနိုင်ကြောင်း ကမ္ဘာက သိအောင် မီးမောင်းထိုးပြခဲ့ကြသည်။


ကမ္ဘာ့ ဇီဝမျိုးစုံမျိုးကွဲ အားလုံးတို့၏ ၆၅ ရာခိုင်နှုန်းသည် ဂေဟစနစ်ကောင်းမွန်သော သစ်တောများ၌ ရှင်သန်ရပ်တည် လျက်ရှိနေကြသည်။ ဇီဝမျိုးစုံမျိုးကွဲ အားလုံးတို့သည် ကမ္ဘာ့ ရာသီဥတုကို ဟန်ချက်ညီညီ ထိန်းကျောင်းပေးလျက် ရှိနေ သောကြောင့် သစ်တောဂေဟစနစ် ကောင်းမွန်စေရေးအတွက် သစ်တောကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးခြင်းဖြင့် ကမ္ဘာ့ ရာသီဥတုကို ကောင်းမွန်မျှတစေလိမ့်မည်ဖြစ်သည်။


မျက်မှောက်ခေတ် သစ်တောပြုန်းတီးမှုများ


သို့ရာတွင် မျက်မှောက် ကမ္ဘာကြီး၌ သစ်တောပြုန်းတီးမှု များ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည့်အပြင် သစ်တောပြုန်းတီးမှု နှုန်းမှာလည်း ကြောက်ခမန်းလိလိ အနေအထားသို့ ရောက်ရှိ နေပြီဖြစ်သည်။ သစ်တောပြုန်းတီးမှု ဖြစ်ပေါ်ရခြင်းမှာ ဇီဝ မျိုးစုံမျိုးကွဲတို့၏ ရှင်သန်ရပ်တည်မှုအတွက် အစာနှင့် ခိုလှုံစရာအဖြစ် အသုံးပြုမှုကြောင့်မဟုတ်ဘဲ လူသားတို့၏ အကျိုးစီးပွားအတွက် ခုတ်လှဲဖျက်ဆီးမှုများကြောင့် သစ်ပင်သစ်တောများ ယုတ်လျော့ကျဆင်းလာခြင်းသာ ဖြစ်သည်။


ကမ္ဘာ့ သစ်တောပြုန်းတီးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အများဆုံး ဖြစ်ပေါ်လျက်ရှိနေပြီး တစ်ကမ္ဘာလုံး သစ်တော ပြုန်းတီးမှု၏ ထက်ဝက်ခန့်မျှပင် ရှိနေသည်။ စီးပွားရေးအတွက် အလွန်အကျွံ ခုတ်လှဲခြင်း၊ သစ်ထုတ်လုပ်မှု နည်းစနစ် လွဲမှားနေခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့ခြင်း၊ မြို့သစ်များ ဖော်ထုတ်ခြင်း၊ သစ်တောများ မီးလောင်ခြင်း၊ သစ်တော ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းနှင့် ဂေဟဗေဒဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်းများသည် သစ်တောပြုန်းတီးမှုကို ဖြစ်စေသော အကြောင်းရင်းများပင် ဖြစ်ကြသည်။


ကမ္ဘာ့ သစ်တောကြီးများအလိုက် ပြုန်းတီးမှု အများဆုံး ဖြစ်ပေါ်နေသောနေရာမှာ တောင်အမေရိကတိုက် အတွင်းရှိ အမေဇုန်သစ်တောကြီးပင် ဖြစ်သည်။ အမေဇုန် သစ်တောကြီးသည် ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဂိုင်ယာနာနှင့် ပီရူး စသော နိုင်ငံများတွင် ဖြန့်ကျက်တည်ရှိနေသည်။ အကျယ် အဝန်း စတုရန်းမိုင် တစ်သန်းခွဲရှိသော အမေဇုန် သစ်တော အတွင်းရှိ သက်တမ်းရင့် အပင်ကြီးများသည် ၂၀ဝ၈ ခုနှစ် တစ်နှစ်တည်းအတွင်းမှာပင် စတုရန်းကီလိုမီတာပေါင်း ၁၂၀ဝ၀ ခုတ်လှဲခံခဲ့ရသည်။


ဘရာဇီးနိုင်ငံ တစ်နိုင်ငံတည်း၌ပင်လျှင် နိုင်ငံပိုင် သစ်တော ဧရိယာ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို နှစ်ပေါင်း ၄၀ အတွင်း မှာပင် ခုတ်လှဲခံခဲ့ရသည်။ အာဖရိကတိုက်အတွင်းရှိ ကွန်ဂို ဒေသ၌လည်း သစ်ပင် သစ်တော ပြုန်းတီးမှု အကြီးအကျယ် ဖြစ်ပေါ်ကာ ကမ္ဘာ့ ဒေသအလိုက် သစ်တောပြုန်းတီးမှုအဆင့် တွင် ဒုတိယနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။


အာရှ မိုးသစ်တောများ ပြုန်းတီးမှု


ကမ္ဘာပေါ်၌ သက်တမ်းအရင့်ဆုံးသော သစ်ပင်များသည် အရှေ့တောင်အာရှ ဒေသအတွင်း၌ တည်ရှိနေကြသည်။ ကမ္ဘာ့ မိုးသစ်တောများအားလုံး၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် အာရှ မိုးသစ်တောများသည်လည်း အလွန်လျင်မြန်သော နှုန်းဖြင့် ပြုန်းတီးလျက်ရှိနေကြသည်။ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ပါပူဝါနယူးဂီနီ နိုင်ငံများရှိ မိုးသစ်တောများ၏ ၄၀ ရာခိုင်နှုန်းမှာ ပြုန်းတီးသွားခဲ့ပြီဖြစ်ပြီး ပြုန်းတီးမှုအများဆုံးဖြစ်ခဲ့သည့်ဒေသမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သည်။


တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် သစ်တောပြုန်းတီးမှု နှုန်းမှာ တစ်နှစ်လျှင် ဧကပေါင်း ၃၂ သန်းနီးပါး ရှိနေသည့်အတွက် အကယ်၍ သစ်ပင်သစ်တောများကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှု မရှိဘဲ တရားမဝင် သစ်ခုတ်ခြင်း၊ ကောက်ပဲ သီးနှံများ စိုက်ပျိုးရန်အတွက် သစ်ပင်သစ်တောများကို ခုတ်လှဲဖြိုဖျက်ပြီး လယ်ယာစိုက်ခင်းများ ဖော်ထုတ်ခြင်း၊ စီးပွားရေးအတွက် သစ်ပင် သစ်တောများကို အလွန်အကျွံ ခုတ်လှဲခြင်း၊ လွဲမှားနေသော သစ်ထုတ်လုပ်နည်းများကို ဆက် လက် စွဲကိုင်ကျင့်သုံးနေခြင်းနှင့် သစ်တော ဂေဟစနစ်ကို နားလည်ကျွမ်းကျင်မှု မရှိဘဲ သစ်တောများကို စီမံခန့်ခွဲနေခြင်း စသည်တို့ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဆိုပါက လာမည့် နှစ်ပေါင်း ၁၀ဝ အတွင်း တစ်ကမ္ဘာလုံးရှိ မိုးသစ်တောများ အားလုံး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။


သာဓကအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၆၀ က လယ်ယာ စိုက်ခင်းများဖော်ထုတ်ရန် သစ်တောဧက အများအပြားကို ခုတ်ထွင်ရှင်းလင်းခဲ့သည့် ဟေတီနိုင်ငံ၌ အပေါ်ယံမြေဆီလွှာ ကုဗမီတာပေါင်း ကိုးသောင်းကျော် တိုက်စားပျက်စီးမှုဖြစ်ပြီး ကောက်ပဲသီးနှံများ စိုက်ပျိုး၍မရတော့သဖြင့် အငတ်ဘေး အကြီးအကျယ် ဆိုက်ရောက်သွားခဲ့သည်။ သစ်ပင် သစ်တော များ အကြီးအကျယ် ပြုန်းတီးခဲ့သောကြောင့် ကာလရှည် မိုးခေါင်မှုကြီးပါ ဖြစ်ပေါ်ခဲ့သည့်အတွက် ယနေ့အချိန်တွင် ဟေတီနိုင်ငံသည် ငတ်မွတ်ခေါင်းပါးမှုအဆင့် အမြင့်ဆုံးသော နိုင်ငံအဖြစ်သို့ ရောက်ရှိနေသည်။


သစ်ပင် သစ်တောများ၏ စွမ်းဆောင်ရည်


သစ်ပင်သစ်တောများသည် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့လည်းဖြစ်၊ အဆိပ်ဓာတ်ငွေ့လည်းဖြစ်သည့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူဖယ်ရှား၍ အောက်ဆီဂျင် ဓာတ်ငွေ့များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည့် အတွက် လူတို့အပါအဝင် သက်ရှိများအားလုံး ရှင်သန်နေထိုင် နိုင်ကြခြင်းဖြစ်သည်။


ဤကဲ့သို့ သက်ရှိများ ရှင်သန်နေထိုင်နိုင်ရန်အတွက် သစ်ပင် သစ်တောများက သဘာဝအလျောက် နေ့စဉ် စွမ်း ဆောင်ပေးနေကြသော လုပ်ငန်းဆောင်တာများအားလုံးကို စက်မှုနှင့် အီလက်ထရောနစ် နည်းပညာရပ်များဖြင့် အစားထိုး လုပ်ဆောင်ရမည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။


အကယ်၍ စက်မှုနှင့် အီလက်ထရောနစ် နည်းပညာများဖြင့် အစားထိုး လုပ်ဆောင်ခဲ့လျှင်သော်မှ ထိုစက်ကိရိယာများ၏ စွမ်းဆောင်မှုများသည် သဘာဝတရားကြီး၏ လက်ဆောင်မွန် ဖြစ်သော သစ်ပင် သစ်တောများ၏ စွမ်းဆောင်ရည်အားလုံးကို အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။


အဘယ်ကြောင့်ဆိုသော် သစ်ပင် သစ်တောများသည် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လွှတ်ပေးသည့် လုပ်ငန်းဆောင်တာ တစ်ခုတည်းသာ မကဘဲ က္ဘာ့လေထုထဲရှိ ရေငွေ့ပါဝင်မှုနှုန်းကို အမြဲမပြတ် ချိန်ညှိပေးနေခြင်း၊ ရေသံသရာလည်ခြင်း ဖြစ်စဉ်ကို အဓိက အထောက်အပံ့ပြုနေခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းပေးထား ခြင်း၊ ကမ္ဘာ့ မြေမျက်နှာပြင်နှင့် လေထု၏ အပူချိန်ကို အမြဲ မပြတ် ချိန်ညှိပေးနေခြင်း၊ သက်ရှိအားလုံးတို့၏ ဇီဝယန္တရား လည်ပတ်မှုအတွက် အစာကွင်းဆက်ဖြစ်စဉ်၏ အခြေခံအကျ ဆုံးအဆင့်မှ အကျိုးပြုနေခြင်း၊ လူနှင့် တိရစ္ဆာန် တို့ သက်ရှည် ကျန်းမာရေးအတွက် ဖော်စပ်စားသုံးရသော ဘယဆေး များကို အလျဉ်မပြတ် ထုတ်လုပ်ပေးနေခြင်း စသည့် တန်ဖိုး ဖြတ်၍မရနိုင်သော စွမ်းဆောင်ချက်များကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးနေသောကြောင့် ဖြစ်သည်။


အနာဂတ်ကမ္ဘာအတွက် ခြိမ်းခြောက်မှု


ထို့ကြောင့်ပင် သစ်ပင်သစ်တောများ ပြုန်းတီးလာနေခြင်း သည် ဇီဝမျိုးစုံမျိုးကွဲတို့၏ အနာဂတ်ကမ္ဘာကြီးကို ခြိမ်းခြောက် နေခြင်းပင်ဖြစ်သည်။ သစ်ပင်သစ်တောများ ပြုန်းတီးမှုသည် သက်ရှိတို့၏ အစာကွင်းဆက်ဖြစ်စဉ်ကို ပြတ်တောက်သွားစေသည်။ လူတို့အပါအဝင် ကမ္ဘာ့ သက်ရှိ အနည်းစုတို့ကသာလျှင် ဖန်တီးတည်ဆောက်ထားသော အမိုးအကာများအောက်၌ ခိုလှုံနေထိုင်နိုင်ကြသော်လည်း သက်ရှိအများစုတို့မှာ သဘာဝ သစ်ပင် သစ်တောများကိုသာ ခိုလှုံနေထိုင်ပြီး ရှင်သန်နေကြ ရသည်။


သစ်ပင် သစ်တောများ ပြုန်းတီးပျောက်ကွယ်သွားသည့်အခါ ရွှေ့ပြောင်းသွားလာနိုင်သော မျိုးစိတ်များက စားကျက် ရွှေ့ပြောင်းရင်း ဆက်လက် ရှင်သန်နိုင်ကြသေးသော်လည်း ရွှေ့ပြောင်းနိုင်ခြင်းမရှိသည့် မျိုးစိတ်များမှာ သေဆုံးသွားကြရ သည်။ ထိုမှတစ်ဆင့် မျိုးသုဉ်းပျောက်ကွယ်သွားသည်အထိ ဖြစ်ပွားကြရသည်။


သစ်ပင် သစ်တောများ၏ တန်ဖိုးကို တွက်ချက်သည့်အခါ သစ်၏တန်ဖိုး တစ်ခုတည်းကိုသာ တွက်ချက်မည်ဆိုပါက နည်းလမ်းကျမည်မဟုတ်ပေ။ သစ်ပင်တစ်ပင် သို့တည်းမဟုတ် သစ်တောတစ်အုပ် ပြုန်းတီးသည့်အခါ သစ်များ၏ တန်ဖိုး အပြင် ရေဝေရေလဲဒေသထိန်းသိမ်းမှု စရိတ်စကများ၊ ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စုပ်ယူသည့် စွမ်းဆောင်ရည်၊ ရေသံသရာလည်ခြင်းကို အကျိုးပြုမှု၊ အစာကွင်းဆက်၏ အခြေခံ စသော တန်ဖိုးများကိုပါ ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ 


ဤနည်းအတိုင်း တွက်ချက်သည့်အခါ သစ်တော ပြုန်းတီးမှုကြောင့် ဖြစ်ပေါ်ရသော ဆုံးရှုံးမှုပမာဏသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ထရီလီယံမှ ငါးထရီလီယံ အထိပင် ရှိနေသည်ကို သတိပြုသင့်ကြသည်။


မြေကမ္ဘာ၏ အနာဂတ်ကံကြမ္မာ


အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် ဆုံးရှုံးရသော ငွေပမာဏသည်ပင်လျှင် သစ်တော ပြုန်းတီးမှုများကြောင့် ဖြစ်ရသော ဆုံးရှုံးမှုပမာဏလောက် များပြားခြင်းမရှိသည်ကို ဆင်ခြင်သုံးသပ်လျက် ဤမြေကမ္ဘာကြီး၏ အနာဂတ်ကံကြမ္မာအား မည်သို့မည်ပုံ ဖန်တီးသင့်ကြသည်ကို ရွေးချယ်သတ်မှတ်ကြဖို့ အချိန်အခါ ကျရောက်နေပြီ ဖြစ်ပေသည်။ ။


သိပ္ပံစာရေးဆရာကိုကိုအောင်