၂၂ အောက်တိုဘာ
တကယ်တော့ ဆောင်းဦးရာသီ (Autumn)သည် ဂျပန်နိုင်ငံအဖို့ ခြောက်သွေ့ အေးမြလျက် သာတောင့်သာယာနှင့် လှပသည့်ရာသီ။ ဒီရာသီမှာ မေပယ်ပင်ကဲ့သို့သော အရွက်ကြွေသည့် အပင်မျိုးတို့၏ သစ်ရွက်များက အနီရောင်၊ အဝါရောင်သို့ပြောင်းလျက် မြို့လမ်းရွာလမ်းများပေါ်မှာ၊ တောတန်း၊ တောင်တန်းများပေါ်မှာ အနီ၊ အဝါပန်းချီ စုတ်ချက်များဖြင့် အဆန်းတကြယ် တန်ဆာဆင်ထားတတ်သည်မို့ ခရီးသွားတို့ တသဲသဲ လာရောက်ပျော်မွေ့ကြသည့် ရာသီလည်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ ရာသီဥတုမှာ နွေဦး (Spring)၊ နွေ(Summer)၊ ဆောင်းဦး(Autumn)၊ ဆောင်း (Winter)ဟူ၍ ဥတုလေးလီရှိသည့်အနက် နွေဦးနှင့် ဆောင်းဦးတို့မှာ မပူလွန်း၊ မအေးလွန်း၊ အစွန်းမရောက်သည့် ရာသီများဖြစ်သည့်အလျောက် သာတောင့်သာယာ ကြည်နူးဖွယ်ရာအခါသမယဟု ဆိုကြသည်။ သို့ရာတွင် နွေအကုန် ဆောင်းဦး ရာသီသို့ အကူး သြဂုတ်လနှင့် စက်တင်ဘာလများတွင်မူ တိုင်ဖုန်းမုန်တိုင်းများ ဝင်ရောက် လေ့ရှိ သည့် အတွက် တိုင်ဖုန်းရာသီဟူ၍ သတ်မှတ်ထားရပြန်သည်။
ယခုနှစ်ဆောင်းဦးရာသီမှာ မဖိတ်ခေါ်ဘဲရောက်လာသည့် တိုင်ဖုန်းမုန်တိုင်း ဟာဂျီဘစ် က နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း အဆိုးဆုံးဟု ဆိုကြသည်။ မုန်တိုင်း ရောက်မလာမီကတည်းက ဂြိုဟ်တုမှ ပေးပို့သည့်ပုံများအရ ကြီးမားပြင်းထန်မည်ကို ကြိုတင်ခန့်မှန်းခဲ့ကြသလို တိမ်းရှောင်ရန်၊ ခိုလှုံရန်၊ ရင်ဆိုင်ရန်၊ ကယ်ဆယ်ရန်စသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ခဲ့ကြသည့် သတင်းများကို တစ်ကမ္ဘာလုံးက မြင်တွေ့ ခဲ့ကြရသည်။ မုန်တိုင်းတကယ်ဝင်ရောက်လာသည့်အချိန်တွင်မူ တစ်နာရီလျှင် မိုင် ၁၄၀ နှုန်းတိုက်ခတ်လာသည့် လေမုန်တိုင်း၏ မဟာအင်အားနှင့် စံချိန်ကျိုးအောင် ညလုံးပေါက် ရွာသွန်းသည့် မိုးရေချိန်တို့ကြောင့် အပျက်အစီးတို့၏ ပမာဏမှာ ကြီးမားလှသည်။
မုန်တိုင်း၏ သက်ရောက်မှု ဧရိယာအတွင်း မြစ်၊ ချောင်းတို့ ရေကြီးရေလျှံကာ မြေပြို၊ တောင်ပြိုမှုပေါင်း ၁၀ဝ ကျော်တို့ကြောင့် မြို့၊ရွာ လမ်းတံတားများ၊ လယ်ယာ စိုက်ပျိုးခင်းများ ရွံ့နွံနှင့် ရေပြင်တို့အောက်သို့ ရောက်ကုန်သည်။ အိမ်ခြေ ၄၅၀ဝ၀ ကျော် ရွှံ့နွံများ ဖုံးလွှမ်းနစ်မြုပ်သွားပြီး ပြီးခဲ့သည့် စနေနေ့ကအထိ လူပေါင်း ၈၀ ဦးသေဆုံး၍ ၁၁ ဦးပျောက်ဆုံးနေဆဲ။ လူဦးရေ ၄၆၀ဝ ခန့်မှာ ကယ်ဆယ်ရေး စခန်းများတွင် နေရဆဲ။ အိမ်ခြေ ၈၀ဝ၀ဝ ကျော် သောက်သုံးရေ ပြတ်လတ်နေဆဲ။
ပျောက်ဆုံးသူများကို ရှာဖွေရန်၊ ပျက်စီးသွားသည့် လမ်းတံတားများကို ပြန်လည် ပြင်ဆင်ရန်၊ အမှိုက်သရိုက်များ၊ အပြိုအပျက်များနှင့် ရွှံ့နွံ များ တောင်ပုံရာပုံတို့ကို ဖယ်ရှားရှင်းလင်းရန်၊ ရေ၊ မီး၊ ဆက်သွယ်ရေးတို့ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိရန် စသည့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ဆောင်ရွက်ကြရမည့် လုပ်ငန်း ပမာဏမှာ ကြီးမားလှသည်။
တကယ်တော့ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဂျပန်ပြည်သူများ၏ သဘာဝဘေးကို အန်တုရင်ဆိုင်ခဲ့ကြသည့် ခံနိုင်ရည်အားကလည်း အံ့သြဖွယ်ရာဟုပင် ဆိုနိုင်သည်။ Category အဆင့် ၅ ရှိသည့် ဟာဂျီဘစ်တိုင်ဖုန်းမုန်တိုင်း မတိုက်ခတ်မီ စက်တင်ဘာလ လယ်ခန့်မှာပင် Category ၄ အဆင့်ရှိသည့် ဖာ့ဆိုင်းတိုင်ဖုန်းမုန်တိုင်းသည် ယင်းဒေသကိုပင် ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ကာ အမေရိကန် ဒေါ်လာ ၇ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဟာဂျီဘစ်ကတော့ ဖာ့ဆိုင်းထက် ပိုမိုကြီးမား၊ ပိုမိုပြင်းထန်၊ ပိုမို ဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ယန်း (၅၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၇ သန်း)ခန့် ရှိနေပြီဖြစ်ရာ ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူတို့က ပိုမိုကြီးမားသည့် ဇွဲ၊ လုံ့လ၊ ပိုမိုပြင်းထန်သည့် ဝီရိယတို့ဖြင့် မုန်တိုင်းပြီးစီးချိန် ပြန်လည် ထူထောင်ရေးတို့ကို ဆောင်ရွက်နေကြပြီဖြစ်သည်။

ဂျပန်ဧကရာဇ်၏နန်းတက်ပွဲ
ဟာဂျီဘစ်မုန်တိုင်း ဝင်ရောက်လာခဲ့ချိန်သည် ပုံမှန်အားဖြင့်ဆိုပါက ဆောင်းဦး ကာလရာသီဖြစ်သည့်အားလျော်စွာ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပသည့် ရာသီလည်းဖြစ်သည်။ ယခုနှစ်ဆောင်းဦးရာသီအတွက် အဓိကအကျဆုံး အထင်ကရ ဖြစ်မည့် ပွဲတော်မှာ ပြီးခဲ့သည့် မေလ ၁ ရက် နေ့တွင် ဂျပန်ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့သော ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့ နန်းတက်ပွဲ အခမ်းအနား ဖြစ်ပြီး အမိုးဖွင့်မော်တော်ယာဉ်ဖြင့် ပြည်သူများကို လှည့်လည်နှုတ်ဆက်မည့် ချီတက်ပွဲ လည်း ပါဝင်သည်။ ဟာဂျီဘစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား စာနာထောက် ထားသည့် အနေဖြင့် ဂျပန်ဧကရာဇ်အသစ်၏ ပြည်သူကို လှည့်လည်နှုတ်ဆက်ပွဲကို ယာယီရွှေ့ဆိုင်း ထားသော်လည်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင်တော့ ပြန်လည်ကျင်းပ သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံနှင့် ဂျပန်ပြည်သူတို့၏ စည်းလုံး ညီညွတ်မှုပြယုဂ်ဖြစ်သည့် ဂျပန် ဧကရာဇ် နာရူဟီတိုသည် ဘီစီ ၅၈၅-၆၀ဝ မှစတင်ခဲ့သည့် ဂျပန်ဘုရင်မင်းများတွင် ၁၂၆ ပါးမြောက် ဘုရင်ဖြစ်သည်။ ဂျပန်ထီးနန်းကို နှစ်ပေါင်း ၃၀ ကြာ စိုးစံလာခဲ့သည့်ဘုရင်ကြီး အကီဟီတိုသည် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် နန်းစွန့်ခဲ့ရာ ဂျပန်ဧကရာဇ် တစ်ပါးအနေဖြင့် ထီးနန်းစွန့်လွှတ်မှုမှာ ၁၈၁၇ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ဖြစ်သည်။ ဂျပန်ဘုရင်မင်းဆက်တွင် ဟဲဆဲခေတ်(Heisei era) အဆုံးသတ်၍ ရဲဝခေတ်(Reiwa era) စတင်ခြင်းလည်းဖြစ်သည်။ ဘုရင်အသစ် နာရူဟီတိုသည် ဘုရင်အဖြစ်ရောက်ရှိပြီး ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် မိမိသည်ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံ၏ ဦးသျှောင်အနေဖြင့် နိုင်ငံသာယာဝပြောရေး၊ နိုင်ငံသူ၊နိုင်ငံသားများ စည်းလုံးညီညွတ်ရေး၊ ပျော်ရွှင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့တွင် ဖခမည်းတော်၏ လမ်းစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နာရူဟီတိုသည် ခမည်းတော်ဘုရင်ကြီး အကီဟီတိုကဲ့သို့ပင် ဂျပန်ပြည်သူလူထုက ချစ်မြတ်နိုးသည့် ဘုရင်တစ်ပါးအဖြစ် ဆက်လက်ရပ်တည်သွားဖွယ် ရှိသည်။ ဖခမည်း တော် ဘုရင်ကြီးကဲ့သို့ပင် ဘုရင့်တော်ဝင်မိသားစုနှင့် ပြည်သူလူထုတို့ နီးစပ်မှုရှိစေရန် ဆက်လက်ကြိုးပမ်းအားထုတ် သွားဖွယ်ရှိသည်။ ဂျပန်ဧကရာဇ် နာရူဟီတိုသည် ဂျပန်နိုင်ငံ၏ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများဖြစ်သော သက်ကြီးရွယ်အို လူဦးရေမြင့်တက်ခြင်း၊ မွေးဖွားနှုန်းလျော့ကျခြင်းနှင့် အလုပ်သမား ပိုမိုလိုအပ်လာခြင်း စသည့် လိုအပ်ချက်များ၊ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်စေရန်အပြင် စည်းလုံးညီညွတ်ရေးနှင့် ယခုထက်ပိုမိုသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများကို ခမည်းတော်ကဲ့သို့ပင် ဆောင်ရွက်နိုင်မည်ဟု ပြည်သူများကလည်း ယုံကြည်မျှော်လင့် ကြပြီး တစ်ကမ္ဘာလုံးကလည်း အားပေးလျက်ရှိသည်။
ဂျပန်ထီးနန်းကို ဆက်ခံခဲ့သည့် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ယာတော် မဆာကိုတို့၏ နန်းတက်ပွဲအခမ်းအနား ကို အောက်တိုဘာလ ၂၂ရက်နေ့တွင် တိုကျိုမြို့ရှိ ဘုရင့်နန်းတော်၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ ဗြိတိန်ဘုရင်မကြီး ကိုယ်စား ချားလ်စ်မင်းသား၊ ဘယ်လ်ဂျီယံဘုရင်နှင့်မိဖုရား၊ စပိန်ဘုရင်နှင့်မိဖုရား၊ ဆွီဒင်ဘုရင် နှင့်မိဖုရား၊ နယ်သာလန်ဘုရင်၊ နော်ဝေဦးသျှောင်မင်းသား၊ ဒိန်းမတ်ဦးသျှောင် မင်းသား စသည့်တို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်စသည့် အကြီးအကဲများအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံအကြီး အကဲခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များက တက်ရောက်ကြမည်ဖြစ်သည်။

နိပွန်ကိုကု ဟူသည့် ဂျပန်တို့မြေ
ဂျပန်နိုင်ငံသည် ကျွန်းစုပေါင်း ၃၀ဝ၀ ကျော်ပါဝင်ပြီး နိပွန်ကိုကု သို့မဟုတ် နိဟွန်း ကိုကုဟု ဂျပန်ဘာသာစကားဖြင့်ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံကဲ့သို့ပင် တောင်နှင့်မြောက် သွယ်တန်းတည်ရှိနေသည့်နိုင်ငံဖြစ်သည်။ မြောက်ဘက်အကျဆုံး ဟော့ကိုင်းဒိုးကျွန်း သည် ဝင်ရိုးစွန်းဆန်သည့် ရပ်ဝန်းဒေသဖြစ်၍ အအေးပိုသကဲ့သို့ တောင်ဘက်စွန်းရှိ အိုကီနာဝါသည် အပူပိုင်းဆန်သည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည်။ အလယ်မှာရှိသည့် ပင်မကျွန်းမှာမူ တောင်နှင့်မြောက်သွယ်တန်းထားသည့် တောင်တန်းရှိပြီး အရှေ့ ဘက်ခြမ်းသည် ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူကာမိုးများတတ်သကဲ့သို့ အနောက်ဘက် ခြမ်းကမူ ဂျပန်ပင်လယ်ကိုမျက်နှာမူကာ ဆီးနှင်းများကျဆင်းတတ်သည်။
ကမ္ဘာပေါ်တွင် ဒသမမြောက် လူဦးရေအများဆုံးဖြစ်ပြီး လူဦးရေ ၁၂၈ သန်းရှိသည်။ နိုင်ငံအကျယ်အဝန်းမှာ မြန်မာနိုင်ငံ၏ အကျယ်အဝန်း အောက် စတုရန်းမိုင် နှစ်သောင်း ကျော်ခန့် လျော့နည်းသေးငယ်ပြီး ဧရိယာစတုရန်းမိုင် ၁၄၀ဝ၀ဝကျော်ရှိသည်။ လူဦးရေမှာမူ မြန်မာနိုင်ငံ၏ နှစ်ဆကျော်ရှိလေသည်။ တိုကျိုမြို့ပြဒေသနှင့် အနီးပတ် ဝန်းကျင်တစ်ဝိုက် လူနေထိုင်မှုများပြားပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့ပြဧရိယာ ကြီးအဖြစ် လူဦးရေ သန်း ၃၀ ကျော်နေ ထိုင်ကြသည်။ ဂျပန်နိုင်ငံတွင် ပြည်နယ် စီရင်စုပေါင်း ၄၇ ခုရှိပြီး တစ်ခုစီတွင် မြို့တော်များ၊ မြို့များ၊ ကျေးရွာများ ပါရှိသည်။ ပစိတ်ဖိတ်မီးကွင်း ဟုတင်စားခေါ်ကြသည့် မီးတောင်ဇုန်ပေါ်က ဂျပန်တွင် မီးမငြိမ်း သေးသည့် မီးတောင် ၁၀ဝကျော်ရှိကာ ငလျင်များနှင့် ဆူနာမီများကို မကြာခဏ ခံစားကြ ရ သည်။ ငလျင်လှုပ်ရန်နှင့် ဆူနာမီဖြစ်ပေါ်ရန် အခြေအနေများပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ အနက် သဘာဝဘေးအန္တရာယ် အမြင့်ဆုံးရှိသည့် နိုင်ငံလည်းဖြစ်သည်။
စံနမူနာအတုယူဖွယ်ရာများနှင့် နိုင်ငံ
ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ကြိုးပမ်းနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ အတုယူဖွယ်ရာ၊ စံနမူနာများစွာနှင့် ပြည့်နှက်နေသည့် နိုင်ငံတစ်ခု လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအနက် လူသားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်နေစိတ်ထား၊ စွမ်းဆောင်ရည်တို့သည် နိုင်ငံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါသည် အကြောင်းတရားပင်ဖြစ်သည်။ ဂျပန်လူမျိုးတို့၏ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားရေးရည်မှန်းချက်များသည်ပင် ဂျပန်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားသည့်နိုင်ငံအဖြစ်သို့ ဝိုင်းဝန်းပို့ဆောင်ပေးခဲ့သည်ဟုပင် ဆိုရပေလိမ့် မည်။
၁၈၆၀ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည့် မေဂျီခေတ်ပြုပြင်ပြောင်းလဲရေး ကာလ(Meiji Reforms)အတွင်း ခေါင်းဆောင်များ၏ စနစ်တကျအကောင် အထည်ဖော်ခဲ့ သည့် လုပ်ငန်းများကို ဂျပန်တစ်မျိုးသားလုံးက စိတ်အားထက်သန်စွာ လိုက်နာအကောင် အထည်ဖော်ခြင်းများသည် တံခါးပိတ်ဝါဒဖြင့် နေထိုင်ခဲ့သည့် ဂျပန်တို့၏ အစဉ်အလာ များကို ဖောက်ထွက်ကာ လားရာတူသည့်အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အရှေ့တိုင်းနိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ယခုကဲ့သို့ ထိုးထွက်လာနိုင် ခဲ့သည့်သမိုင်းကို ကြည့်မည်ဆိုလျှင် အလွန်ပင်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဂျပန်ဖွံ့ဖြိုးတိုးတက်မှုသမိုင်းဖြစ်စဉ်တွင် တိုးတက်မှုအရှိန်အဟုန်ကိုစတင် ရရှိသည့် ကာလသည် ဗြိတိန်နောက် နှစ်ပေါင်း ၁၀ဝမျှ နောက်ကျခဲ့သော်လည်း ကမ္ဘာ့ အနောက်ခြမ်း ရှိ စက်မှုနိုင်ငံများကို ကျော်တက်ကာ စီးပွားရေးအားကောင်းလာနိုင်ခဲ့ခြင်း က ဂျပန်တို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ကြိုးစားမှုတို့၏ ရလဒ်ပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ကာလ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အဏုမြူဗုံးကြဲချခံရသည့် နိုင်ငံ၊ စစ်ရှုံး နိုင်ငံဖြစ် ခဲ့သော်လည်း ပြာပုံထဲမှ ရုန်းကြွထပျံ လာနိုင်ခဲ့သည့် ဂျပန်လူမျိုးတို့၏ သံမဏိ စိတ်ဓာတ် မှာ အံ့မခန်းဟုပင်ဆိုရမည်။
ခေါင်းဆောင်များ၏ အသိဉာဏ်အမြှော်အမြင်ကြီးမားစွာ ဦးဆောင်ကြိုးပမ်းမှု နောက်မှ ပြည်သူများ၏ လိုက်ပါဆောင်ရွက်မှုအားကောင်းခြင်းများကြောင့်ပင် အခက် အခဲအကျပ်အတည်းများစွာတို့ကို ကျော်လွှားနိုင်ကာ ၁၉၅၅ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဆယ်နှစ်အကြာတွင် ပြန်လည်ခေါင်းထောင်လာနိုင်ခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့ နိုင်ငံကြီးများနှင့် ရင်ပေါင်တန်းလာနိုင်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်၏ ဂျပန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ကမ္ဘာပေါ်တွင် မကြုံစဖူး ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ စံချိန်တင် နိုင်ခဲ့သည်။
၂၀ရာစုခေတ်လယ်ကာလ စက်မှုထွန်းကားသည့် အနောက်နိုင်ငံများနှင့် ရင်ပေါင် တန်းကာ မော်တော်ကား၊ အီလက်ထရောနစ်နှင့် အဆင့်မြင့် နည်းပညာ ကုန်စည်များ၊ စက်ကိရိယာ၊ သတ္တုနှင့် အစားအသောက်၊ အဝတ်အထည် စသည့်တို့တွင်ကြီးမားသည့် ကမ္ဘာ့ဈေးကွက်ကို ရယူနိုင်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် အလုပ်လုပ်သူမှာ ၆၅ ဒသမ ၉သန်း ခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည်။ ၂၀၁၄ခုနှစ် စီးပွားရေး လုပ်ရန် လွယ်ကူ သည့် နိုင်ငံများ တိုင်းပြည်များညွှန်းကိန်းတွင် အဆင့် ၂၇ ရှိပြီး ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အခွန်ကောက်ခံမှုအနည်းဆုံးနိုင်ငံလည်း ဖြစ်သည်။ ဂျပန်နိုင်ငံသားများ၏ ကြိုးပမ်း မှုကြောင့် ၂၁ရာစု မျက်မှောက်ကာလတွင်မူ ကမ္ဘာ့တတိယစီးပွားရေး အင်အားအကြီးမား ဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

အောင်မြင်ခြင်း၏ စိတ်ဝင်စားဖွယ်ပဟေဠိ
ဒုတိယကမ္ဘာစစ်ပြီးကာလ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ဖန်တီးခဲ့ကြ သည့် ဦးဆောင်သူများနှင့် ပြည်သူများ၏ အခန်းကဏ္ဍမှာ ကမ္ဘာ့အသိုင်းအဝိုင်း၏ အမြင်တွင် လွန်စွာစိတ်ဝင်စားစရာကောင်းပြီး တစ်ကမ္ဘာလုံးက အလေးထားစောင့်ကြည့် ခဲ့ကြရသလို ဂျပန်တို့၏ အောင်မြင်မှုအပေါ်တွင်လည်း ဂျပန်ပဟေဠိ အဖြစ် မေးခွန်း ထုတ်ခဲ့ကြသည်။ အရှေ့အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏ စစ်ပြီးကာလ အောင်မြင်မှုကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများစွာတို့က စံနမူနာအဖြစ် အတုယူအားကျ ခဲ့ကြရသည်။
ဂျပန်လူမျိုးတို့တွင် ဂုဏ်သိက္ခာသည် အလွန်တန်ဖိုးထားဖွယ်အရာဖြစ်သည်။ များစွာသည့် ဂျပန်လူမျိုးများသည် တာဝန်ဝတ္တရားတို့ကို ကျေပွန်စွာ ထမ်းဆောင်ကြသူ များဖြစ်သည်။ တာဝန်မကျေပွန်ခြင်းသည် ပြစ်မှုတစ်ခု သို့မဟုတ် ရှယ်ဖွယ်အပြုအမူ တစ်ခုပင်ဖြစ်သည်ဟု ခံယူထားကြသလို တာဝန်မကျေပွန်သူကိုလည်း အမျိုးသားရေး စိတ်ဓာတ် အားနည်းသူများအဖြစ် ယူဆကြသည်။ ဂျပန်တို့က တာဝန်ယူစိတ် ဂိရိ(giri)နှင့် ကျေးဇူးတရား အွန်း (on) တို့ကို တန်ဖိုးထားသည်။ giri on the world ကမ္ဘာကြီးပေါ်တွင် တာဝန်ရှိမှု၊ giri to one’s name မိမိ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တာဝန်ရှိမှု၊ oya-on မိဘအပေါ်ကျေးဇူးတုန့်ပြန်မှု၊nushino-on အရှင်သခင် အကြီးအကဲ အပေါ် ကျေးဇူး တုန့်ပြန်မှုနှင့် shino-on ဆရာသမားအပေါ်ကျေးဇူးတုန့်ပြန်မှု စသည့် ဂျပန်လူမျိုးတို့၏ ဗီဇပါစိတ်ဓာတ်များက ဂျပန်လူ့အဖွဲ့အစည်းကို ကမ္ဘာ့အသိုင်းအဝိုင်း အလယ် တွင် ဝင့်ထည် အောင်မြင်စေသော အဓိက သော့ချက်တစ်ခုပင်ဖြစ်ပါ သည်။
သည့်အပြင် သဘာဝ ဘေးအန္တရာယ်များ ဖြစ်သည့် မီးတောင်ပေါက်ကွဲမှုများ၊ မြေငလျင်များ၊ ဆူနာမီရိုက်ခတ်မှုများ၊ တိုင်ဖုန်းကဲ့သို့သော မုန်တိုင်းများ၊ ရေကြီးရေလျှံ မှုများ၊ မြေပြို တောင်ပြိုမှုများစွာ၏ အဖျက်အဆီးဒဏ်ကိုလည်း ဇွဲ၊ သတ္တိ၊ခံနိုင်ရည်တို့ဖြင့် သမိုင်း တစ်လျှောက် ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့ကြကာ ဂျပန်မြေကိုအလှမပျက် အောင်ဖန် တီး တည်ဆောက်နိုင်ခဲ့ကြသည်။
ဂျပန်နိုင်ငံသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အားကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ဂျပန်တို့သည် အလုပ်ကို စွဲစွဲမြဲမြဲ ဇွဲနပဲဖြင့် လုပ်တတ်ကြပြီး အလုပ်စွဲနေသူများ အဖြစ်ပင် ကမ္ဘာကျော်သည်။ သို့သော် စိတ်ဓာတ်ခိုင်မာပြင်းထန်သည့် လူမျိုး၊ လုံ့လ၊ ဝီရိယ ကြီးကြီးမားမားဖြင့် အလုပ်ကို စွဲစွဲမြဲမြဲလုပ်တတ်သည့် လူမျိုးဟူ၍သာ ဂျပန်ကို ရှုမြင် ပါက ယင်းအမြင်သည် အစွန်းတစ်ဖက်သို့ ရောက်ရှိနေလိမ့်မည်ဟု ထင်မြင်မိသည်။ တစ်ဖက်တွင်လည်း ဂျပန်လူမျိုးတို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး သဘာဝ ပတ်ဝန်းကျင်ကို အမြတ်တနိုးအလေးထားကြသူများလည်း ဖြစ်ကြသည်။ သဘာဝ လောက ကြီး၏ နက်ရှိုင်းသည့်သဘောတို့ကို စူးစိုက်ရှုမြင်ခံစားတတ်ကြသူများလည်း ဖြစ်ပြီး အနုပညာအားကောင်းကြသူများလည်း ဖြစ်သည်။
မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီးများ၏ ကျေးဇူးကြောင့် ဂျပန်ဟိုက္ကူကဗျာခေါ် ကဗျာတိုသလောက် နက်ရှိုင်းသည့် အတွေးနှင့် ခံစားမှုတို့ကို ပေးစွမ်းနိုင်သည့် ကဗျာ ကလေးများ မြန်မာစာပေနယ်သို့လည်း ရောက်ရှိနေခဲ့သည်မှာ ဆယ်စုနှစ်များပင်ချီ၍ ရှိနေခဲပြီဖြစ်ရာ ဟိုက္ကူ ကဗျာများကို ဖတ်ရှုခံစားကြည့်ခြင်းအားဖြင့် ဂျပန်တို့၏ စိတ်နှလုံး ကို အနီးစပ်ဆုံးမြင်တွေ့နိုင်ပါလိမ့်မည်။
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် ဉာဏ်ပညာအား၊ ဝီရိယအားတို့အပြင် စိတ်နှလုံးခံစားမှုအားတို့လည်း မဖြစ်မနေလိုအပ်သည်ပင်။ စစ်မက်ဘေး၊ သဘာ၀ဘေးတို့ကို သမိုင်းတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်တိုင်အောင် ဂျပန်သည် မီးပုံထဲမှ ဒဏ္ဍာရီငှက်သဖွယ် ပြန်လည်ရှင်သန်လာစမြဲ။ ဤသို့လျှင် ချယ်ရီပန်းကလေးများနှင့် ဟိုက္ကူကဗျာလေးများ၏ ဇာတိမြေဂျပန်သည် ထာဝရလှပနေပါဦးမည်။
ခင်ရတနာ