နေပြည်တော် ၉ နိုဝင်ဘာ
ထာဝရငြိမ်းချမ်းရေးစေတီတော် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ က နေပြည်တော်ရှိ ထာဝရငြိမ်းရေးစေတီတော် သာသနာ့ဗိမာန်-၂ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များက ပေါက်မြိုင် ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ရည်သန်၍ နိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ၊ နိုင်ငံသားတို့ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်သည့် ထာဝရငြိမ်းချမ်းရေး စေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနား ကျင်းပနေမှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


