ရန်ကုန် ၁၅ သြဂုတ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် ဆဋ္ဌမအကြိမ် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အလှူရှင် ဧည့်ပရိသတ်တို့က ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေပါရမီတောရဆရာတော်အား ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူရှင် ၂၅ ဦးတို့က ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ ပစ္စည်းများနှင့် အလှူငွေကျပ် စုစုပေါင်း ၃၀၆၈၁၅၀ဝ၀ ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် ရွှေပါရမီတောရ ဆရာတော်က အနုမောဒနာတရား မြွက်ကြားချီးမြှင့်တော်မူပြီး ပရိသတ်များက လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
သတင်းစဉ်


